7/09/2010

င၀န်မြစ်ကမ်းပေါ်မှ ရှေးဟောင်း မွန်ကျေးရွာကြီးများ

အင်းအိုင်များစွာကို ကျော်ဖြတ်ဖူးသော်လည်း ဤမျှကျယ်ဝန်း နက်ရှိုင်းသော ရေနက်ကွင်းကြီးကို ဤတစ်ကြိမ်သာ ကျော်ဖြတ်ဖူးပါသည်။ ဤခရီးသည် ကျွန်တော့်အတွက် စွန့်စားခန်းတစ်ခု ဖြစ်ပါသည်။ ရေနက်ကွင်းထဲတွင် ဖြတ်သွားနေစဉ် ဆတ်သွားရွာ အခြေခံပညာ မူလတန်း ကျောင်းလေးကို ရေပတ်လည်ဝိုင်းလျက် တွေ့မြင်ရပါသည်။ ကျောင်းသားများ၏ ကျောင်းကြိုယာဉ်မှာ လှေလေးများ ဖြစ်သည်။ ကျောင်းသားအချို့ကို မိဘများ၊ အစ်ကိုအစ်မများက လှေလှော်၍ လိုက်ပို့ပေးပြီး အချို့က ကိုယ့်လှေ ကိုယ်လှော်၍ ကျောင်းသို့လာနေသည် ကိုတွေ့ရသည်။ ဤဒေသတွင် လှေသည် အဓိက ဆက်သွယ်ရေး ယာဉ်ဖြစ်သဖြင့် လှေမရှိလျှင် မိုးတွင်းအခါ၌ ကူးသန်းသွားလာရန် မဖြစ်နိုင်ပါ။
ကျွန်တော်၏ ခရီးဖော် ဓာတ်ပုံဆရာ ကိုအေးသိန်း(အသုတ်)က ''ရေနက်ကွင်းထဲမှာ သွားရတာ ခရီးတွင်တယ်။ ဒီခရီးကို နွေဘက်မော် တော်ကားနဲ့သွားရင် အဆင့်ဆင့်ကွေ့ရတဲ့အတွက် အချိန်သိပ်ကုန်တယ်။ လူလဲ သိပ်ပင်ပန်းတယ်၊ အခုလို ပဲ့ထောင်နဲ့သွားတော့ အသာထိုင်လိုက် သွားလို့ရတယ်၊ ကျွန်တော်ကတော့ ရေလမ်းကို ပိုကြိုက်တယ်''ဟု ပြောသည်။ ဗိုက်ဆာလာသောအခါ လှေပေါ်မှာပင် ထမင်းချိုင့်ဖွင့်စားနိုင် သဖြင့် အဆင်ပြေပါသည်။
ငဝန်မြစ်သို့ ရောက်လျှင် ကူးတို့ဖြင့် တစ်ဘက်ကမ်းသို့ ကူးလိုက်သည်နှင့် ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၊ ကွင်းပေါက်ကျေးရွာသို့ ရောက်သွားပါသည်။ ရွာထိပ်မြစ်ကမ်းပါးပေါ်တွင် ရွှေရောင်တဝင်းဝင်းဖြင့် ဖူးမြင်ရသော စေတီလေးမှာ အောင်သိဒ္ဓိစေတီ ဖြစ်ပါသည်။ ရခိုင်ရိုးမ တောင်တန်း တောင်စွယ်များ ရေနက်ကွင်းများကို ကျောထောက်နောက်ခံပြုလျက် တည်ထားသည့် ထိုစေတီလေး၏ ပုံရိပ်နှင့် သဘာဝပတ်ဝန်းကျင် အနေအထားသည် ဆေးရောင်စုံပန်းချီကား တစ်ချပ်နှင့် တူနေပါသည်။
ဧရာဝတီမြစ်မှ ခွဲထွက်စီးဆင်း လာသော ငဝန်မြစ်သည် သမိုင်းစဉ် ရှည်လျားသော မြစ်ဖြစ်ပြီး မြစ်ကမ်း ပါးဝဲယာတွင် ပုသိမ် ၃၂ မြို့နှင့် ပတ်သက်သော သမိုင်းခြေရာများကို တွေ့နိုင်ပါသည်။ ပုသိမ် ၃၂ မြို့အနက် အများစုမှာ ယခုအချိန်ထိ ဆက်လက် တည်ရှိနေသော်လည်း အချို့မှာ မထင်မရှား ပျောက်ကွယ်သွားကြောင်း သိရပါသည်။ ကွင်းပေါက်ကျေးရွာမှ အသက် ၆ဝ နှစ်ရှိ ဦးစိန်ဝင်းက ''အောင်သိဒ္ဓိမတည်မီ ဒီဘုရားကုန်းမှာ ကိုးတောင်ပြည့် စေတီလေး တည်ခဲ့ဖူးတယ်။ စေတီတည်ဖို့ ဘုရားကုန်းကို ရှင်းလင်းတဲ့အခါ ရှေးဟောင်းအုတ်ကျိုးတွေ စုပုံထားတာတွေ့ရတယ်။ အုတ်ပုံကိုဖယ်တော့ ရုပ်ပွားတော်တစ်ဆူရဲ့ ဦးခေါင်းတော် ပေါ်လာတယ်။ ရုပ်ပွားတော် စုစုပေါင်း သုံးဆူရှိပြီး အနောက်မြောက်ဘက်ကို မျက်နှာမူနေတယ်လို့ ဘုရားလူကြီးတွေ ပြောတာမှတ်မိနေတယ်။ တင်ပလ္လင်ခွေ ရုပ်ပွားတော် သုံးဆူဟာ ဥာဏ်တော် ငါးတောင် ခြောက်တောင်လောက် မြင့်တယ်လို့ ပြောကြတယ်။ အဲဒီနေရာဟာ ရှေးဟောင်းဘုရား တစ်ဆူရဲ့ ဌာပနာတိုက်ဖြစ်ပြီး မွန်စာနဲ့ ရေးထားတဲ့ ရှေးဟောင်းအုတ်ချပ်တွေလဲ တွေ့ရတယ်လို့ အသက် ၈၈ နှစ်ရှိတဲ့ အဘဦးလှမောင် ပြောသွားတယ်''ဟု ရှင်းပြသည်။
ကွင်းပေါက်ရွာသား အသက်၆၇နှစ်ရှိ ဦးလှမြင့်ကလည်း ''အဲဒီနေရာဟာ ရှေးဟောင်းဘုရားတစ်ဆူရဲ့ ဌာပနာတိုက်ဖြစ်ပေမယ့် အဖိုးတန် ရတနာပစ္စည်းတွေ မရှိတော့ပါဘူး။ ရုပ်ပွားတော်သုံးဆူကိုတူးဖော်တဲ့အခါ မြေဆီမီးခွက် ၆ဝ ကျော်၊ ၇ဝ ကျော် တွေ့ပြီး ငွေသားဓာတ်တော်ကြုတ် တစ်ခုလဲတွေ့တယ်။ အဲဒီဓာတ် တော်ကြုတ်မှာ မွန်အက္ခရာစာတွေ ရေးထားပြီး အုတ်ချပ်တွေမှာလဲ မွန်စာပါတယ်လို့ ပြောကြတယ်။ အားလုံးကို ကိုးတောင်ပြည့်စေတီမှာ ဌာပနာလိုက်တဲ့အတွက် အထောက် အထားပြစရာ မရှိတော့ပါဘူး''ဟု ရှင်းပြပါသည်။ ထိုစဉ်က တည်ခဲ့သော ကိုးတောင်ပြည့် စေတီလေးသည် နှစ်ပေါင်း ၆ဝကျော်၊ ၇ဝ ခန့်ကြာသော်အခါ လေဒဏ်မိုးဒဏ် သဘာဝဘေးရန်ကြောင့် ပျက်စီးယိုယွင်းလာသဖြင့် ကွင်းပေါက် ရွာသားများ စုပေါင်းကာ ဥာဏ်တော် ၂၃ တောင်မြင့်သည့် အောင်သိဒ္ဓိစေတီတော်ကို ရံစေတီ ရှစ်ဆူနှင့်တကွ အသစ်တစ်ဖန် တည်ထားနိုင်ခဲ့ပါသည်။
ဤဘုရားကုန်းသည် ရှေးမွန်ဘုရင်များ၊ မွန်မြို့စားနယ်စားများ လက်ထက်ကပင် ဘုရားစေတီတည် ထားခဲ့သည့် ဘုရားကုန်းဖြစ်ကြောင်း ထင်ရှားသော်လည်း ဌာပနာတိုက်ထဲတွင် ရောက်နေသော သမိုင်း အထောက်အထားများကို နှောင်းလူများ ပြန်လည်ကြည့်ရှုခွင့် မရတော့ပါ။ ဤဘုရားကုန်းသည် ရှေးမွန်ဘုရင်များ ဘုရားတည်ခဲ့သော နေရာဖြစ်လျှင် ဘုရားအနီးရှိ ကွင်းပေါက်ရွာသည်လည်း ရှေးမွန်များနေထိုင်ခဲ့သည့် မွန်ကျေးရွာဟောင်း ဖြစ်နိုင်ပါသည်။ ဘုရားသမိုင်းနှင့် ပတ်သက်သော အထောက်အထားများ မရှိတော့သဖြင့် ရွာသမိုင်းလည်း မထင်မရှား ဖြစ်သွားခဲ့ပါသည်။ ထို့ကြောင့် ဒေသခံကျေးရွာလူကြီးများ၏ ရှင်း လင်းပြောကြားချက်များကိုသာ အကောင်းဆုံးသမိုင်းမှတ်တမ်းအဖြစ် လက်ခံခဲ့ရပါသည်။
ကွင်းပေါက်ရွာသား ဦးစိန်ဝင်း၊ ဦးလှမြင့်တို့သည် အောင်သိဒ္ဓိစေတီ တော်၏ သမိုင်းနောက်ခံကို စိတ်ပါ ဝင်စားစွာ ရှင်းပြခဲ့ပြီး လိုအပ်သော အချက်များကို အခြားရွာသားများက ဖြည့်စွက်ပြောပြကြပါသည်။ တစ်ရွာလုံး လက်ညီတက်ညီ ပြောပြခြင်း ဖြစ်သဖြင့် ကျေနပ်ဖွယ် ကောင်းလှပါသည်။ ထို့ပြင် ရွာအရှေ့ဘက်ရှိ လဟာကြီး ရေနက်ကွင်းကိုဖြတ်၍ ရိုးမတောင်ခြေရှိ တောရကျောင်းသို့ သွားရောက်လေ့လာရန် ရွာခံဦးကိုခွေးက ပဲ့ထောင်မော်တော်ဖြင့် ပို့ပေးပြီး ဦးဝင်းညွန့်၊ ဦးငြိမ်းတင်တို့ ညီအစ်ကိုကလည်း ခရီးစဉ်အစအဆုံး တက် တက်ကြွကြွ ပါဝင်ကူညီသဖြင့် အဆင်ပြေခဲ့ပါသည်။
ကျွန်တော်တို့သည် နောက်နေ့တွင် ပုသိမ် ၃၂ မြို့စာရင်းဝင် ခေနံရွာသို့ ခရီးဆက်ကြပါသည်။ ခေနံ ရွာသည် ငဝန်မြစ်အနောက်ဘက်ကမ်း တွင်ရှိပြီး ကွင်းပေါက်ရွာနှင့် ရိုးချောင်း ကလေးတစ်ခုသာ ခြားနေပါသည်။ ရှေးခေတ်က စည်ကားသော မွန်မြို့ ရွာကြီးတစ်ခုဖြစ်ပြီး ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် ပုသိမ် ၃၂ မြို့စာရင်းတွင် အမှတ်စဉ် ၂၄ ၌ ပါဝင်ခဲ့သည်။ မူလအမည်မှာ ကျိုက်ခရံ ဟေနံဖြစ်ပြီး ဒုတိယ အမည်နှင့် တတိယအမည်မှာ ခေနံဟု တွေ့ရသည်။ ကုန်းဘောင်ခေတ် သာယာဝတီမင်း (၁၁၉၉-၁၂ဝ၈) လက်ထက်ပုသိမ် ၃၂ မြို့စာရင်း အမှတ်စဉ် ၃ဝ တွင်လည်း ခေနံဟု ပါရှိပါသည်။
ရှေးခေတ်က မွန်လူမျိုးများ နေထိုင်ခဲ့သည့် ခေနံသည် ယခုအခါ ကျေးရွာကြီးတစ်ရွာအဆင့်ဖြစ်နေ သည်ကိုတွေ့ရသည်။ ရွာထိပ်ရှိသာ သနာ့ဟိတကာရီကျောင်းတိုက်အဝင် မုခ်ဦး စင်္ကြံနှင့် ကျောင်းတိုက်ကြီး ၏ထည်ဝါခမ်းနားမှုမှာ ရွာအဆင့် မဟုတ်ဘဲ မြို့အဆင့်ဖြစ်နေကြောင်း သတိပြုမိပါသည်။ ထို့ကြောင့် ခေနံ သည် ရှေးအခါက ပုသိမ် ၃၂ မြို့ စာရင်းဝင် မြို့တစ်မြို့ဖြစ်ခဲ့သည်ဟု ယုံကြည်မိပါသည်။ ရွာအတွင်း၌ရှိသော အိမ်များမှာ မြန်မာအိမ်များနှင့် မတူဘဲ ရှေးဟောင်းမွန်အိမ်ကြီးများနှင့် တူနေကြောင်း တွေ့ရပါသည်။
ကျွန်တော်တို့ ခေနံရွာသို့ သွားခြင်းမှာ သမိုင်းဟောင်းကို တူးဖော် ရန်မဟုတ်ပါ။ ခေနံရွာတွင် တူးဖော် ရရှိထားသည့် ရှေးဟောင်းဘုရား ရုပ် ပွားတော်များကို လေ့လာမှတ်တမ်း တင်ရန် သွားရောက်ခြင်းဖြစ်ပါသည်။ ရုပ်ပွားတော်များကို ခေနံရွာအတွင်း နှစ်နေရာ၌ သီးခြားတွေ့ရှိခြင်းဖြစ်ပြီး ရုပ်ပွားတော် ၁၄ ဆူတွေ့ရှိပုံကို ဒေသခံ အသက် ၅၅ နှစ်အရွယ် ဦးကံညွန့်က ရှင်းပြပါသည်။ ဦးကံညွန့်က ''ကျွန်တော်တို့ရွာဟာ ငဝန်မြစ်ကမ်းမှာ ရှိတဲ့အတွက် မကြာခဏ ရေတက်ပါတယ်။ ဒီနေရာမှာ အရင်က အိမ်တွေရှိပေမယ့် ဘယ်သူမှ မနေနိုင်ဘဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၁၃၅၂ ခုနှစ်မှာ တန်ဆောင်တိုင်ပွဲ အတွက် မဏ္ဍပ်ထိုးဖို့ မြေတူးတော့ အလတ်စားရုပ်ပွားတော်တစ်ဆူ စတွေ့ တယ်။ အဲဒါကြောင့် လူကြီးတွေကို အသိပေးပြီး စနစ်တကျ ဆက်တူးတဲ့အခါ ခြောက်ပေအနက် အုတ်ရိုးဆုံး တော့ ရုပ်ပွားတော် ၁၄ ဆူတွေ့ရပါတယ်။ ဥာဏ်တော် အမြင့်ဆုံးက ၂၇ လက်မ ရှိပါတယ်။ အရွယ်အစား မျိုးစုံပါဝင်တာတွေ့ပါတယ်။ အုတ် ချပ်တွေက ဒီခေတ်အုတ်နဲ့ မတူဘူး။ အလယ်မှာ ချက်မပါတဲ့ လက်အုတ် တွေပါ။ ဘုရားတွေကို စနစ်တကျ အုတ်ရိုးစီပြီး မြေမြှုပ်ထားပေမယ့် နှစ်ပေါင်းများစွာ ရေတိုက်စားပြီးပေါ်လာ ခြင်းဖြစ်ပါတယ်''ဟု ရှင်းပြသည်။
ခေနံရွာတွင် ရှေးဟောင်းရုပ်ပွားတော်များ တူးဖော်ရရှိသော သတင်းကြားသောအခါ ပုသိမ်မြို့မှ ရှေးဟောင်းသုတေသန ပညာရှင်များ လာရောက်လေ့လာကြည့်ရှုခဲ့ပြီး အင်းဝခေတ်နှောင်းပိုင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်များဖြစ်သည်ဟု မှတ်ချက်ချခဲ့ကြောင်း သိရပါသည်။ ခေတ်တစ်ခေတ်နှင့် တစ်ခေတ် ရုပ်ပွားတော် ထုလုပ်ပုံမတူညီဘဲ အင်းဝခေတ်တွင် ထုံးကျောက်၊ ကုန်းဘောင်ခေတ်တွင် စကျင်ကျောက်ဖြင့် ထုလုပ်လေ့ရှိပါသည်။ ခေနံရွာတွင်တွေ့ရှိသော ရုပ်ပွားတော်များမှာ ထုံးကျောက်ဖြစ်သဖြင့် အင်းဝခေတ်နှောင်းပိုင်းလက်ရာဟု သတ်မှတ်ခြင်း ဖြစ်ပါသည်။
ရုပ်ပွားတော်များသည် ဥာဏ်တော်ကွာခြားသော်လည်း အားလုံးသည် ဘူမိဖဿမုဒြာများဖြစ်သည်။ ရုပ်ပွားတော်အချို့တွင် တကဲမပါသော်လည်း အများစုမှာ တကဲနှင့် ပလ္လင် တစ်ဆက်တည်း ထုလုပ်ထားကြောင်းတွေ့ရသည်။ ခေနံရွာမြောက် ပိုင်းတွင်လည်း ရုပ်ပွားတော်များ တူးဖော်ရရှိဖူးကြောင်း သိရသဖြင့်သွား ရောက်ကြည့်ရှုရာ ရုပ်ပွားတော် ၂၈ ဆူ ဖူးတွေ့ရပါသည်။ ရုပ်ပွားတော်များကို ထိန်းသိမ်းစောင့်ရှောက်နေသော အသက် ၇၅ နှစ် ရှိနေပြီဖြစ်သော ခေနံရွာသားကြီး ဦးထွန်းနုက ''ဒီရွာကို ပုသိမ် ၃၂ မြို့ စာရင်းဝင် ခေနံရွာလို့ ပြောနေကြပေမယ့် ခေမာမိဖုရား ကြီးနေခဲ့တဲ့ ခေမာမြို့ဟောင်းလို့ ရှေးလူကြီးတွေ ပြောဖူးပါတယ်။ ဒီနေရာဟာ ခေမာမြို့ဟောင်းရဲ့ နန်းဦးဘုရား ဖြစ်တဲ့အတွက် ရုပ်ပွားတော်တွေ တူးဖော်ရရှိတယ်လို့ ပြောနိုင်ပါတယ်။ ခေမာမြို့ဟောင်းနဲ့ ပတ်သက်တဲ့ အထောက်အထား မပြနိုင်ပေမယ့် မွန်တွေနေတဲ့ မွန်ရွာကြီး ဖြစ်ခဲ့တာတော့ သေချာပါတယ်၊ ခေမာမိဖုရားကြီးဟာလဲ မွန်ဘုရင်တစ်ပါးရဲ့ မိဖုရား ဖြစ်နိုင်ပါတယ်''ဟု စိတ်ဝင်စားဖွယ် ရှင်းပြပါသည်။
ကျွန်တော်သည် ငဝန်မြစ်ကမ်းပေါ်ရှိ ရှေးဟောင်းမွန်ကျေးရွာများသို့ တကူးတက သွားရောက်ပြီး အင်းဝခေတ်နှောင်းပိုင်း ရုပ်ပွားတော်များကို မှတ်တမ်းတင်နိုင်သဖြင့် ငဝန်မြစ်ကြီးကို ကျေးဇူးတင်မိပါသည်။ ငဝန်မြစ်ကြီးသည် ပုသိမ် ၃၂ မြို့အကြောင်း ကောင်းစွာသိမီသဖြင့် တစ်ချိန်ချိန်တွင် သမိုင်းမြှုပ်ကွက်များကို ထပ်မံ ဖော်ထုတ်ပေးလိမ့်မည်ဟု မျှော်လင့်နေမိပါသည်။ www.zaygwet.com
ဘသန်းတင်

ဆက်ဗှ်...

6/26/2010

စာရင်းလိမ် စီးပွားရေးစနစ်

အောင်ကျော်ခင် / ၂၃ ဇွန် ၂၀၁၀

မြန်မာစစ်အစိုးရရဲ့ ဆိုရှယ်လစ်စီးပွားရေးနဲ့ ဈေးကွက်စီးပွားရေးဟာ စာရင်းလိမ်ပြတဲ့နေရာမှာ တူတယ်။ အထက်ကအာဏာပိုင်ကို အမြဲတမ်းကြောက်ရတဲ့စနစ်မှာ အထက်လူကြီးကျေနပ်အောင် စာရင်းလိမ်ပြတာဟာ ဓလေ့ထုံးစံလို ဖြစ်နေပြီ။ ကျေးလက်ကိုဆင်းပြီး စာတမ်းကောက်ရင်လည်း အချက်အလက်ကို အမှန်အတိုင်း မှတ်တမ်းမတင်ဘဲ အထက်လူကြီးကြိုက်အောင် ရေးကြတယ်။ ဒါကြောင့် စစ်အစိုးရ စာရင်းအင်းဌာနက အချက်အလက်တွေဟာ မမှန်ဘူးလို့ ၀ါရင့်အရာထမ်းတဦးက ပြောဖူးတယ်။

အာဏာရှင်နေ၀င်းအကြိုက်လိုက်ပြီး အောက်ခြေက စာရင်းလိမ်ပြတယ်။ စာရင်းလိမ်ပြရင်း ၁၉၈၇ မှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားတယ်။ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရရင် နိုင်ငံခြားအကြွေးမှာ အတိုးဆပ်စရာမလိုတဲ့အတွက် အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ မဆလစစ်အစိုးရက ကုလသမဂ္ဂမှာ လျှောက်ထားတယ်။ အဆင်းရဲဆုံးစာရင်းဝင်ဖြစ်ဖို့ လိုအပ်တဲ့ အချက်တွေထဲမှာ စာတတ်သူ လူကြီးဦးရေ နည်းဖို့လိုတယ်။ ဘုန်းကြီးကျောင်းပညာရေးကြောင့် မြန်မာပြည်မှာ စာတတ်သူများတော့ အဆင်းရဲဆုံးနိုင်ငံ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမယ့် စာရင်းလိမ်ဝိဇ္ဇာ မဆလစစ်အစိုးရက စာတတ်သူ အလွန်နည်းကြောင်း စာရင်းလိမ်ပြနိုင်တဲ့အတွက် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်သွားတယ်။

၁၉၆၂ မှာ စစ်အာဏာသိမ်းကတည်းက ကလိမ်စေ့ငြမ်းဆင်လာတာမို့ အခုဆိုရင် စာရင်းလိမ်စီးပွားရေးသက်တမ်းဟာ (၄၈) နှစ် ရှိသွားပြီ။ စာရင်းဇယားတွေကို ကလိမ်ကလည်လုပ်လွန်းတဲ့အတွက် မြန်မာ့စီးပွားရေးကို လေ့လာသူအလွန်နည်းတယ်။ တိုင်းပြည်အ၀င်အထွက် ခက်ခဲရတဲ့အထဲ စာရင်းလိမ်ကို လေ့လာရပြန်တော့ သိပ်စိတ်မရှည်တော့ဘူးပေါ့။ ဒါတောင် လွန်ခဲ့တဲ့ မေလနဲ့ ဇွန်လအစောပိုင်းက မြန်မာ့စီးပွားရေးစာတမ်း (၂) စောင် ထွက်လာသေးတယ်။ ၀ါရှင်တန်အခြေစိုက် ငြိမ်းချမ်းရေး သုတေသနဌာန United States Institute of Peace က မြန်မာ့စီးပွားရေးအထူးအစီရင်ခံစာကို မေလမှာ ထုတ်ဝေတယ်။ ရေးသူဟာ ၀ါရင့်သုတေသီ Lex Rieffel ဆိုသူဖြစ်တယ်။ အနှစ် (၆၀) လောက် တိုးတက်မှု ဆိတ်သုဉ်းနေတဲ့ မြန်မာ့စီးပွားရေးကို သုံးသပ်ထားတာပါပဲ။

တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ အင်ဒိုနီးရှားမှာ အာဏာရှင်အစိုးရလက်ထက် စီးပွားရေးတိုးတက်လာလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ကြပေမယ့် မြန်မာပြည်မှာတော့ စစ်အစိုးရဟာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင် မလုပ်နိုင်တာကြောင့် သူများနိုင်ငံလို မဖြစ်နိုင်ဘူးလို့ Lex Rieffel က ဆိုတယ်။ ဒါကြောင့် ပထမဆုံးအုပ်ချုပ်ရေး ကောင်းမွန်ဖို့သာ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက တိုက်တွန်းရမယ်လို့ဆိုတယ်။ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးမှာ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍဟာ အဓိကကျပေမယ့် နေရာတကာချုပ်ကိုင်တဲ့ နအဖဟာ ကောင်းမွန်တဲ့ ပုဂ္ဂလိကကဏ္ဍ ရှင်သန်ကြီးထွားလာအောင် ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတယ်။ ဒါကြောင့် အစိုးရအဖွဲ့အစည်းထဲမှာ လုပ်ရည်ကိုင်ရည် ရှိလာပြီး ချုပ်ချယ်ကန့်သတ်မှုတွေကို ရုပ်သိမ်းမှသာလျှင် မြန်မာ့စီးပွားရေးအလားအလာ ကောင်းမှာဖြစ်ကြောင်း ၂၀၁၀ မြန်မာ့စီးပွားရေးအထူးစာတမ်းမှာ ဖော်ပြထားတယ်။

မြန်မာ့စီးပွားရေးစောင့်ကြည့်ရေးအဖွဲ့ အခြေစိုက်တဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Macquarie တက္ကသိုလ် ဘောဂဗေဒဌာန ပါမောက္ခ Sean Turnell ကတော့ နအဖရဲ့ ကလိမ်ခြုံစောင်ကို ဖယ်ရှားပြီး အတွင်းသရုပ်ကို လေ့လာထားတဲ့စာတမ်းကို မီးမောင်းထိုးပြတာပါပဲ။ မြန်မာ့စီးပွားရေး (၁၀) ရာခိုင်နှုန်းနဲ့ (၁၄) ရာခိုင်နှုန်းအကြား တိုးတက်တယ်ဆိုတဲ့ နအဖစာရင်းလိမ်ကို အရင်ဆုံးဖြေရှင်းထားတယ်။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာရင် လောင်စာစွမ်းအင်သုံးစွဲမှုကလည်း တိုးပွားလာတာသဘာဝပါ။ ဒါပေမယ့် မြန်မာပြည်မှာတော့ နအဖရဲ့ စီးပွားရေးတိုးတက်မှုနှုန်းထား မြင့်မားနေပြီး ဓာတ်ဆီနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းက အလွန်နိမ့်ကျနေတာကြောင့် စာရင်းလိမ်တိုးတက်မှုဖြစ်တာ ထင်ရှားတယ်တဲ့။

စစ်အစိုးရရဲ့ စာရင်းလိမ့်ဓလေ့ကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းကို ခန့်မှန်းရတာဟာ အလွန်ခက်တယ်။ Sean Turnell
ကတော့ အကြောင်းသိမို့ စီးပွားရေးတိုးတက်မှုနှုန်းဟာ (၂) သို့မဟုတ် (၃) ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်တယ်လို့ တွက်ပြတယ်။ မြန်မာနိုင်ငံသားတဦးရဲ့ တနှစ်ထုတ်လုပ်မှုဟာ (၄၃၅) ဒေါ်လာသာရှိတာကြောင့် အာဆီယံနိုင်ငံတွေထဲမှာ အနည်းဆုံးဖြစ်တယ်လို့ဆိုတယ်။ သဘာဝဓာတ်ငွေ့ရောင်းလို့ရတဲ့ငွေတွေကို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အသုံးမပြုတာကိုလည်း အစီရင်ခံစာ (၂) ခုစလုံးက ထောက်ပြတယ်။ ဓာတ်ငွေ့ရောင်းလို့ရတဲ့ငွေကို နိုင်ငံ့ငွေစာရင်းမှာ အကုန်လုံး ဖော်ပြထားတာမဟုတ်ပါဘူး။ ပြည်တွင်းမှာ စာရင်းလိမ်ပြပြီး ဓာတ်ငွေ့ကရတဲ့ ငွေအတော်များများ နိုင်ငံခြားဘဏ်တွေမှာ အမည်အမျိုးမျိုးနဲ့ အပ်နှံထားတယ်လို့ဆိုတယ်။

စာရင်းလိမ်စီးပွားရေးစနစ်မှာ နိုင်ငံခြားကုမ္ပဏီတွေ မျက်စိကျနေတာဟာ သဘာဝသယံဇာတ ထုတ်ယူတဲ့ လုပ်ငန်းဖြစ်တယ်။ နိုင်ငံခြားအရင်းအနှီးနဲ့ အတတ်ပညာနဲ့ အလုပ်သမားတွေ ၀င်လာကြပြီး ဓာတ်ငွေ၊ ဓာတ်သတ္တု၊ ရေနံ၊ ကျောက်မျက်၊ ရေအားလျှပ်စစ် စတာတွေကို ထုတ်ယူကြတာဟာ မြန်မာပြည်သားတွေ အကျိုးမခံစားရပါဘူး။ အင်္ဂလိပ်ကိုလိုနီခေတ်က အတိုင်းပါပဲ။ အင်္ဂလိပ်နေရာမှာ စစ်ဗိုလ်ကို အစားထိုးကြည့်လိုက်ရင် ကွက်ကွက်ကွင်းကွင်းပေါ်ထွက်လာတယ်။ ဒါပေမယ့် အင်္ဂလိပ်ဟာ မြန်မာစစ်ဗိုလ်လို ဒို့တာဝန်အရေးတွေနဲ့ လိမ်ညာနေတာမဟုတ်တော့ မြန်မာတွေ မစားရမှန်းသိတယ်။ နအဖကတော့ သဘာဝသယံဇာတကို နိုင်ငံခြားရောင်းစားပြီး အိတ်ထဲထည့်တာကို စာရင်းလိမ်ထားတော့ ပြည်သူတွေအဖို့ မစားရ၀ခမန်း ဖြစ်ကုန်တာပေါ့။ ဒါကြောင့် တရုတ်၊ ပြင်သစ်၊ ထိုင်းနဲ့ တောင်ကိုရီးယားကုမ္ပဏီတွေ သယံဇာတ ထုတ်ယူနေတာဟာ မြန်မာ့အနာဂတ်အတွက် မကောင်းတဲ့ အလားအလာပဲဖြစ်တယ်။

စာရင်းလိမ်စနစ်နဲ့ အစိုးရနှောင့်ယှက်မှုကင်းတဲ့ ကောက်ပဲသီးနှံကဏ္ဍမှာ အောင်မြင်နေပုံကိုလည်း Sean Turnell က ဖော်ပြထားတယ်။ ၂၀၀၉/၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ မြန်မာပြည်ထွက်ပဲမျိုးစုံ (၈၄) ရာခိုင်နှုန်းကို အိန္ဒိယက ၀ယ်သွားတယ်။ တရုတ်ပြည်ကိုလည်း နယ်စပ်လမ်းကြောင်းက တင်ပို့တယ်။ အိန္ဒိယနဲ့တရုတ်မှာ ပဲအထွက်နည်းသွားတာဟာ မြန်မာအတွက် အခွင့်အလမ်းဖြစ်တယ်။ စစ်အစိုးရ ၀င်မရှုပ်မချင်း ပဲရောင်းလို့ ကောင်းနေမယ့်ပုံပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ အများဆုံးတင်ပို့ခဲ့တဲ့ ဆန်လုပ်ငန်းဟာ စစ်အစိုးရ ၀င်ရှုပ်လိုက်တဲ့နောက်ပိုင်း ဈေးကွက်ပျောက်ပြီး ဆန်ကွဲတင်ပို့ခဲ့တဲ့အဆင့် ဖြစ်သွားတယ်။

နိုင်ငံခြားဝင်ငွေအများဆုံးက သဘာဝဓာတ်ငွေ့၊ ဒုတိယအများဆုံးက ပဲမျိုးစုံ၊ တတိယက ကျွန်းသစ်နဲ့ သစ်မာဖြစ်တယ်။ ဒါကြောင့် ပဲလုပ်ငန်းထဲမှာ နအဖအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေ ပါနေမှာ သေချာတယ်။ အ၀တ်အထည်လုပ်ငန်းက စတုတ္ထ၀င်ငွေ အများဆုံးဖြစ်ပြီး ဆန်က နံပါတ် (၅) အဆင့်က လိုက်နေတယ်။ အ၀တ်အထည်ကို ဂျပန်နဲ့ဥရောပကို တင်ပို့တယ်။ ကျွန်းသစ်နဲ့ သစ်မာတင်ပို့တာဟာ ငွေရပေမယ့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့အတွက် ဒေသခံလူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေတယ်။ သစ်နဲ့ကျောက်မျက်ကို တရုတ်ပြည်က အများဆုံးဝယ်ယူတယ်။ မြန်မာပြည်ကို စားသုံးကုန်ပစ္စည်း အများဆုံးရောင်းချနေသူဟာ တရုတ်၊ ထိုင်းနဲ့၊ စင်ကာပူဖြစ်တယ်။

၁၉၆၂ မှာ စစ်အစိုးရတက်လာပြီး စာရင်းလိမ်စီးပွားရေးစနစ် စတင်ကျင့်သုံးချိန်ကစပြီး လက်ရှိ စစ်အစိုးရလက်ထက်အထိ ပေးဆပ်စရာရှိတဲ့ နိုင်ငံခြားအကြွေးဟာ အမေရိကန်ဒေါ်လာ သန်း (၈,၁၀၀) ရှိတဲ့အတွက် နိုင်ငံလုံးဆိုင်ရာ ထုတ်လုပ်မှုရဲ့ (၃၀) ရာခိုင်နှုန်းဟာ အကြွေးဖြစ်ကြောင်း Sean Turnel က တွက်ပြထားတယ်။ မဆလခေတ်က ကြွေးဟောင်းက သန်း (၃,၅၉၄) ရှိပြီး ကြွေးသစ်က သန်း (၄,၅၀၆) ရှိတယ်။ ကြွေးဟောင်းမှာ ဂျပန်ကို ဒေါ်လာသန်း (၂,၂၀၀)၊ ဂျာမဏီကို သန်း (၃၅၀)၊ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ကို သန်း (၃၂၅)၊ ကမ္ဘာ့ဘဏ်ကို သန်း (၇၁၉) ပေးစရာရှိတယ်။ အကြွေးမဆပ်နိုင်လို့ နောက်ထပ်မချေးတာဖြစ်တယ်။ ကြွေးသစ်ထဲမှာတော့ တရုတ်က အများဆုံးဖြစ်မှာ သေချာတယ်။ နအဖမှာ ဒေါ်လာငွေလက်ကျန် ဒေါ်လာသန်း (၅,၀၀၀) ကျော် ရှိရဲ့သားနဲ့ မဆလကြွေးဟောင်းကို မဆပ်တာပါ။

ဗိုလ်နေ၀င်းဦးဆောင်တဲ့ မဆလအစိုးရရဲ့ နိုင်ငံခြားအကြွေးတွေကို နောက်တက်တဲ့ ဗိုလ်သန်းရွှေဦးဆောင်တဲ့ နအဖအစိုးရက မဆပ်တဲ့သဘောဖြစ်နေတယ်။ ကြွေးဟောင်းတွေကိုမဆပ်လို့ မြန်မာအစိုးရကို အေဒီဘီနဲ့ကမ္ဘာ့ဘဏ်က ငွေချေးဖို့ မစဉ်းစားတာပါ။ တကယ်တော့ ဘဏ် (၂) ခုကို ဆပ်ရမယ့်အကြွေးက ဒေါ်လာသန်း (၁၀၄၄) သန်းသာရှိလို့ နအဖအုပ်စု ခိုးထားတဲ့ ငွေလောက် မများပါဘူး။ နောက်တင်တဲ့အကြွေးသစ်ဟာ တရုတ်ကိုဆပ်ရမှာဖြစ်လို့ မဆပ်နိုင်ရင် တရုတ်အလိုကျ လိုက်လျောဖို့သာ ရှိပါတော့တယ်။ မြန်မာပြည်မှာ စစ်ခေါင်းဆောင်တွေ ကြီးစိုးနေသမျှ စာရင်းလိမ်စီးပွားရေးအဆင့်ထက်ပိုပြီး တိုးတက်စရာအလားအလာမရှိကြောင်း သုံးသပ်ထားတာကို တွေ့ရပါတယ်။
Source

ဆက်ဗှ်...

blogger templates | Make Money Online