8/06/2009

မွန်ပြည်သစ် ပါတီ ဆုံးဖြတ်ချက် ရခိုင်ခေါင်းဆောင်များ ကြိုဆို

မြန်မာ့နအဖ စစ်အစိုးရမှ အပစ်ရပ်အဖွဲ့တဖွဲ့ ဖြစ်သည့် မွန်ပြည်သစ် ပါတီအား နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် ဖိအားပေးမှု အပေါ် မွန်ပြည်သစ် ပါတီက ပြတ်ပြတ်သားသား ပယ်ချလိုက်သည့်အတွက် ရခိုင် ခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ဥက္ကဌ - လွှတ်တော်အမတ် ဦးထွန်းဝင်းက မွန်ပြည်သစ်ပါတီ ၏ ဆုံးဖြတ်ချက်မှာ အဖိနှိပ်ခံ မြန်မာတိုင်းရင်းသား ပြည်သူတရပ်လုံး၏ ဆန္ဒကိုရောင်ပြန်ဟပ် သော ဆုံးဖြတ်ချက် ဖြစ်သဖြင့်ကြိုဆိုရခြင်း ဖြစ်ကြောင်း ယခုကဲ့သို့ ပြောသည်။

"နယ်ခြားစောင့်တပ် ဖွဲ့ စည်းရေးကိုသာ လက်ခံ လိုက်ရင် လုံးဝ ဆုံးရှုံးမှု တွေနဲ့သာ ကြုံတွေ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ မွန်ပြည်သစ် ပါတီက နအဖ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး အတွက် ဖိအား ပေးနေတာကို အခုလို ပြတ်ပြတ်သားသား ပယ်ချ လိုက်တာကို ကျွန်တော့် အနေနဲ့ လုံးဝ ထောက်ခံ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်ကို ဖောက်ဖျက်ပြီး ၂၀၀၈ ခုနှစ်က ပြုလုပ်တဲ့ အတုယောင် ညီလာခံက ထွက်လာတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံနဲ့လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော့် အနေနဲ့ လုံးဝ အယုံကြည်မရှိတဲ့ အတွက် ခုလို နယ်ခြားစောင့်တပ် ဖွဲ့စည်းပြီး ရွှေးကောက်ပွဲ ၀င်ပါဆိုတဲ့ နအဖတိုက်တွန်းချက်ကို သူတို့က ပယ်ချလိုက်တဲ့ အတွက် ဖြစ်ပါတယ်။"

ရခိုင်ဝါရင့် တော်လှန်ရေး ခေါင်းဆောင် တဦးဖြစ်သူရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်ကလည်း သူအမြင်ကို ယခုကဲ့သို့ပြောသည်။

"အခုလို မွန်ပြည်သစ်ပါတီက ပယ်ချလိုက်တာက မွန်ပြည်နယ်နဲ့ မွန်လူမျိုးတွေ အတွက် အကျိုးမပါတဲ့ အတွက် ပယ်ချ လိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ မွန်ပြည်သစ် ပါတီနဲ့ မွန်အမျိုးသား တပ်မတော်ဟာ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် စွမ်းစွမ်းတမံ တိုက်ပွဲ ၀င်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ သူတို့တိုက် ပွဲဝင်နေတာနဲ့ နဖအက တောင်းဆို အကျပ်ကိုင်နေတာဟာ လွဲချော်နေတဲ့ အတွက် ပယ်ချ လိုက်တာ ဖြစ်တဲ့အတွက် ကျနော်တို့ ကြိုဆိုကြရမှာ ဖြစ်ပါတယ်။"

ရခိုင် ရဟန်းပျိုများ သမဂ္ဂ ဥက္ကဌ အရှင်သီဟမှလည်း သူအမြင်ကို ယခုကဲ့သို့ ပြောသည်။

"အခုလို မွန်ပြည်သစ်ပါတီက နဖအ ဖိအားပေးတာကို ပယ်ချ လိုက်တဲ့အတွက် အတိုက်အခံ တိုင်းရင်းသား လက်နက်ကိုင် ပါတီတွေ အနေနဲ့ ၀မ်းသာ အားရစရာ ဖြစ်ပါတယ်။ နအဖ ဖွဲ့စည်းပုံကို လက်ခံ ထားကြတဲ့ အဖွဲ့စည်းတွေကလည်း နအဖရဲ့ တဖက်သတ် လုပ်ရပ် အပေါ် သိပ်ကျေနပ်ကြတာတော့ မဟုတ်ပါဘူး။ အခြေအနေ တခုခု အရ လက်ခံ ထားကြတာသာ ဖြစ်ပါတယ်။ တိုင်းရင်းသား အခွင့်အရေး ဆိုတာကလည်း ခုရေးဆွဲထားတဲ့ နအဖ ဖွဲ့စည်း အုပ်ချုပ်ပုံထဲမှာ ဘာမှ ပါတာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ တိုက်ပွဲ ၀င်လာခဲ့တဲ့ တိုင်းရင်းသားတွေ အနေနဲ့ အခွင့်အရေး ဘာမှ မပါတဲ့ ဖွဲ့စည်းပုံကိုသာ လက်ခံခဲ့ကြရင် တိုင်းရင်းသားတွေ အသက်သွေးချွေးတွေကို ပေးပြီး တိုက်ပွဲဝင်လာခဲ့တာဟာ ဘာမှ အကျိုးမရှိပါဘူး။ မွန်ပြည်သစ် ပါတီရဲ့ ဆုံးဖြတ်ချက်ကို နအဖ စစ်အစိုးရကလွဲပြီး မြန်မာပြည်သူတရပ်လုံးက ၀မ်းသာ အားရ ဖြစ်လိမ့်မယ်လို့ ဦးဇင်း ယုံကြည်ပါတယ်။"

ထိုင်းနိုင်ငံတွင် အခြေစိုက်သော ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး ကို အောင်မင်းဦး မှ သူအနေနှင့် ထောက်ခံ ကြိုဆိုကြောင်း ယခုကဲ့သို့ ပြောသည်။

" အခုလိုပယ်ချ လိုက်တာက ကောင်းပါတယ်။ ဖြစ်လည်းဖြစ်ထိုက် ပါတယ်။ တခြားအဖွဲ့အစည်း တွေ အနေနဲ့ လည်း အခုလို ဖြစ်စေချင် ပါတယ်။ နအဖက နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ကမ်း လှမ်းတာကို လက်ခံကြတဲ့ အဖွဲ့တွေအတွက်လည်း ဘာမှအကျိုး မရှိပါဘူး။ ခုလို မွန်ပြည် သစ်ပါတီ အနေနဲ့ နအဖရဲ့ အကျပ်ကိုင် ဖိအားပေးမူကို ပယ်ချလိုက်တဲ့အတွက် နအဖရဲ့ ဖိအားပေးမှုတွေကို ခံလာ ရနိုင်တယ်။ ဒါပေမယ့်လည်း နိုင်ငံရေးအရ ဘာမှအကျိုးမရှိတာကို လက်မခံဘဲ ပယ်ချလိုက်တဲ့ အတွက် ဒါကို အကောင်းဘက်က ကျနော်တို့ ရှု့မြင် သုံးသပ်ပါတယ်။"

မွန်ပြည်သစ် ပါတီကို နအဖမှ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် အကျပ်ကိုင်ဖိအားပေးမူ အပေါ် မွန်ပြည်သစ်ပါတီက ပယ်ချလိုက်ခြင်းနှင့် ပတ်သက်ပြီး ရခိုင်ခေါင်းဆောင်များ၏ သဘောထား အမြင်များ ဖြစ်ပါသည်။ <<Source>>

0 Comments:

blogger templates | Make Money Online