9/03/2008

နအဖ၏ ၂ဝ၁ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ကြေငြာချက်

ပဉ္စမအကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ ညီလာခံ
၂ဝဝ၈ ခုနှစ် သြဂုတ်လ (၂၆-၂၈) ရက်
နအဖ၏ ၂ဝ၁ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ကြေငြာချက်
ထုတ်ပြန်ကြေညာချက်အမှတ် - ၈/၂ဝဝ၈
သက္ကရာဇ် ၂ဝဝ၈ ခုနှစ် သြဂုတ်လ (၂၉) ရက်

နအဖ၏ လမ်းပြမြေပုံသည် ၁၉၉ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူများကို လုံးဝပါဝင်ခွင့်မပေးခဲ့ချေ။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် တိုင်းရင်းသားလူမျိုးများမှတင်ပြခဲ့သော အကြံပြုချက်များကိုလည်း အမြဲတစေငြင်းပယ်ခဲ့သည်။ စစ်အာဏာရှင်အုပ်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အာဏာများကို သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လက်ဝယ်စုပုံထားရှိသည်ကို တွေ့ရသည်။ ထို့အပြင် ယင်းဥပဒေတွင် လွတ်လပ်သည့်တရားစီရင်ရေးစနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျော့နည်းသော အုပ်ချုပ်မှုအာဏာခွဲဝေရေးစနစ်များကို လုံးဝမတွေ့ရပေ။ တပ်မတော်သည် ဥပဒေ၏အထက်တွင်ရှိပြီး လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ အစိုးရပေါ်ပေါက်စေကာမူ ယင်းအစိုးရနှင့် သီးခြားကင်းလွတ်၍ ရပ်တည်နေသည်ကို
လည်းတွေ့ရှိရသည်။ ထို့ကြောင့် စစ်အာဏာရှင်အုပ်စု၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အာဏာရှင်များ၏ ဆောင်ပုဒ်ဖြစ်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (သို့မဟုတ်) ဒီမိုကရေစီကျင့်စဉ်များကို အပြည့်အဝအကောင်အထည်
ဖော်နိုင်မည် မဟုတ်ချေ။

အထက်ဖော်ပြပါ အဓိကအားနည်းချက်များကြောင့် နအဖ၏လုပ်ငန်းစဉ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်သူများ၏ လိုအပ်ချက်ကိုပေါ်လွင်စေပြီး အားလုံးပါဝင်စေသည့်လုပ်ငန်းစဉ်အဖြစ် ပြောင်းလဲနိုင်မှုမရှိမခြင်း ပဉ္စမအကြိမ်မြောက်တိုင်းရင်းသားလူမျိုးများညီလာခံအနေနှင့် နအဖ၏လမ်းပြမြေပုံကိုသော်လည်းကောင်း၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိုသော်လည်းကောင်း၊ လုံးဝထောက်ခံနိုင်မည် မဟုတ်ပါ။
၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီများအနေနှင့်လည်း ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲသည် နအဖ၏ လမ်းပြမြေပုံကို တစိတ်တပိုင်း အကောင်အထည်ဖော်ခြင်းသာဖြစ်သဖြင့် ယင်းကို ဆက်လက်ဆန့်ကျင်ကန့်ကွက်သွားရန် လိုအပ်သည်ဟု မိမိတို့ညီလာခံမှ သုံးသပ်သည်။ (အပြည့်စုံဆက်ဖတ်ရန် pdf ဖြင့်)

Type rest of the post here

ဆက်ဗှ်...

8/22/2008

(၆၁) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ကြေငြာချက် မွန်ပြည်သစ်ပါတီ (ဗဟို)

မွန်အမျိုးသား ပြည်သူအပေါင်းတို့၊ ပါတီရဲဘော် အပေါင်းတို့ -

ဖဆပလအစိုးရ ကျေးရွာကာကွယ်ရေးများကို ဘားအံမြို့နယ် ဇာသပြင်ကျေးရွာမှ အစပြုပြီး အနီးပတ်ဝန်းကျင် ကျေးရွာတစ်လျှောက် ဆက်လက်၍ လက်နက်ဖြုတ်သိမ်းရာမှ စတင်လာခဲ့သော မွန်အမျိုးသား တော်လှန်ရေးသည် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ပုခုံးထက်တွင် ခရီးဆက်နှင်နေဆဲဖြစ်သည်။ ယခုနှစ်သည် မွန်ပြည်သစ်ပါတီ၏ ရွှေရတုနှစ်ဖြစ်ရာ တော်လှန်ရေး လမ်းကြောင်း တစ်လျှောက် အသက်စတေးပူဇော်သွားရသူ အာဇာနည်ခေါင်းဆောင်တို့ကို ဦးညွှတ်ဂုဏ်ပြုရမည် ဖြစ်ပါသည်။ ထိုအာဇာနည်များ ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ လုပ်ဆောင်ချက်များကြောင့် ယနေ့တော်လှန်ရေး၏ အသီးအပွင့်များ ရရှိခံစားနေရခြင်းကို ဆင်ခြင်နှလုံးသွင်း သင့်ပါသည်။

မြန်မာနိုင်ငံရေးသည် အရေးကြီးသော အလှည့်အပြောင်း အကွေ့တစ်ကွေ့ကို ရောက်ရှိသွားခြင်းဖြစ်သည်။ တပ်မတော်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးမြောက်သွားခြင်းနှင့်အတူ အနာဂါတ် နိုင်ငံရေး ဂယက်များ ဖြစ်ပွားလျက် ရှိပေသည်။ သိန်းချီ သေကြေဒဏ်ရာရ ပျောက်ဆုံးခဲ့ရသော မေလ နာဂစ်မုန်တိုင်း၏ ဒဏ်ရာဒဏ်ချက်များသည်လည်း မြန်မာပြည်သူအပေါင်း၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးတွင် ထင်ကျန် ဂယက်ထနေဆဲ ဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေး အခြေအနေထဲတွင် မွန်အမျိုးသားတို့ အပါအဝင် မြန်မာပြည်သူလူထုအပေါင်းသည် နိုင်ငံရေးအရ ပိုမိုနိုးကြားလာသည်ကို တွေ့နိုင်ပါသည်။ စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရာ၌ ကြားကာလပုံစံ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒတစ်ရပ် လိုအပ်သည် မှန်သော်လည်း ဤပုံစံသစ်ကို တည်ရှိလေသော နိုင်ငံရေးအင်အားစု အပါအဝင် ပြည်သူလူထု အများစု၏ စစ်မှန်သည့် ထောက်ခံမှု ရှရှိမှသာ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။ သို့မဟုတ်လျှင် အမျိုးသား ပြန်လည်သင့်မြတ်မှုအစား အမျိုးသားအစည်းပြေမှုကြီး အသစ်တစ်ခုကို တွန်းပို့လိုက်သလို ဖြစ်နေပေလိမ့်မည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာရေး ပေါ်လစီဖြင့် အပစ်ရပ်ထားသော လက်နက်ကိုင် လူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းများသည် ရှေ့နိုင်ငံရေး အသစ်တစ်ရပ်အတွက် အဆင်သင့် ဖြစ်ရမည့် အနေအထားသို့ ရောက်ရှိလာပါသည်။ တော်လှန်ရေး အင်အားစုများ မည်သို့ဆက်လက်ရပ်တည် စခန်းသွားမည်ကိုလည်းကောင်း၊ မိမိလူထုအတွင်း မည်သို့ နိုင်ငံရေးအရ ခင်းကျင်း ပြင်ဆင်စုဖွဲ့ရမည်ကိုလည်းကောင်း၊ တပ်မတော်အစိုးရ၏ လုပ်ဆောင်ချက်များအပေါ်တွင်တည်၍ အဆုံးအဖြတ် ပေးရမည် ဖြစ်ပါသည်။

မွန်အမျိုးသား ပြည်သူအပေါင်းတို့၊ ပါတီရဲဘော်အပေါင်းတို့ -

မွန်ပြည်သစ်ပါတီသည် မိမိ၏ မူလရည်မှန်းချက်ဖြစ်သော စစ်မှန်သည့် ပြည်ထောင်စုနှင့် ပါတီစုံ စီမိုကရေစီ ပေါ်ထွန်းရေးအတွက် မဟာမိတ် ဒီမိုကရေစီနှင့် လူမျိုးစု အဖွဲ့အစည်းများနှင့်အတူ အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ် ရှာဖွေပြီး ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။ လက်လျှော့ အရှူံးပေးသော တော်လှန်ရေး၊ လက်တွေ့မဆန်သော အတွေးအခေါ်များနှင့် လုပ်ရပ်များကို ဆန့်ကျင်ကာ တော်လှန်ရေး အသီးအပွင့်များ ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် မဖြစ်မနေ ကြိုးပမ်းသွားရမည်ဖြစ်သည်။

ထို့ကြောင့် မွန်မျိုးချစ်အပေါင်းနှင့် ပါတီရဲဘော်အပေါင်းတို့သည် ဖြစ်လာနိုင်သည့် တွေဝေသစ္စာဖောက်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပိုမိုခိုင်မြဲသော စည်းလုံးညီညွတ်မှုဖြင့် ပါတီနှင့် လက်တွဲမဖြုတ် အောင်ပွဲသို့ ချီတက်သွားကြပါစို့ဟု ဤတော်လှန်ရေးနေ့ အခါသမယတွင် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

မွန်အမျိုးသားများ သွေးစည်းကြ
စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ကြ
မွန်အမျိုးသားလွတ်မြောက်မှု တော်လှန်ရေး အောင်ရမည်

၁၃၇၀ ခုနှစ်၊ ဝါခေါင်လပြည့်
2008 ခုနှစ်၊ သြဂုတ်လ (16) ရက် ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
မွန်ပြည်သစ်ပါတီ

ဆက်ဗှ်...

blogger templates | Make Money Online