7/09/2010

င၀န်မြစ်ကမ်းပေါ်မှ ရှေးဟောင်း မွန်ကျေးရွာကြီးများ

အင်းအိုင်များစွာကို ကျော်ဖြတ်ဖူးသော်လည်း ဤမျှကျယ်ဝန်း နက်ရှိုင်းသော ရေနက်ကွင်းကြီးကို ဤတစ်ကြိမ်သာ ကျော်ဖြတ်ဖူးပါသည်။ ဤခရီးသည် ကျွန်တော့်အတွက် စွန့်စားခန်းတစ်ခု ဖြစ်ပါသည်။ ရေနက်ကွင်းထဲတွင် ဖြတ်သွားနေစဉ် ဆတ်သွားရွာ အခြေခံပညာ မူလတန်း ကျောင်းလေးကို ရေပတ်လည်ဝိုင်းလျက် တွေ့မြင်ရပါသည်။ ကျောင်းသားများ၏ ကျောင်းကြိုယာဉ်မှာ လှေလေးများ ဖြစ်သည်။ ကျောင်းသားအချို့ကို မိဘများ၊ အစ်ကိုအစ်မများက လှေလှော်၍ လိုက်ပို့ပေးပြီး အချို့က ကိုယ့်လှေ ကိုယ်လှော်၍ ကျောင်းသို့လာနေသည် ကိုတွေ့ရသည်။ ဤဒေသတွင် လှေသည် အဓိက ဆက်သွယ်ရေး ယာဉ်ဖြစ်သဖြင့် လှေမရှိလျှင် မိုးတွင်းအခါ၌ ကူးသန်းသွားလာရန် မဖြစ်နိုင်ပါ။
ကျွန်တော်၏ ခရီးဖော် ဓာတ်ပုံဆရာ ကိုအေးသိန်း(အသုတ်)က ''ရေနက်ကွင်းထဲမှာ သွားရတာ ခရီးတွင်တယ်။ ဒီခရီးကို နွေဘက်မော် တော်ကားနဲ့သွားရင် အဆင့်ဆင့်ကွေ့ရတဲ့အတွက် အချိန်သိပ်ကုန်တယ်။ လူလဲ သိပ်ပင်ပန်းတယ်၊ အခုလို ပဲ့ထောင်နဲ့သွားတော့ အသာထိုင်လိုက် သွားလို့ရတယ်၊ ကျွန်တော်ကတော့ ရေလမ်းကို ပိုကြိုက်တယ်''ဟု ပြောသည်။ ဗိုက်ဆာလာသောအခါ လှေပေါ်မှာပင် ထမင်းချိုင့်ဖွင့်စားနိုင် သဖြင့် အဆင်ပြေပါသည်။
ငဝန်မြစ်သို့ ရောက်လျှင် ကူးတို့ဖြင့် တစ်ဘက်ကမ်းသို့ ကူးလိုက်သည်နှင့် ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၊ ကွင်းပေါက်ကျေးရွာသို့ ရောက်သွားပါသည်။ ရွာထိပ်မြစ်ကမ်းပါးပေါ်တွင် ရွှေရောင်တဝင်းဝင်းဖြင့် ဖူးမြင်ရသော စေတီလေးမှာ အောင်သိဒ္ဓိစေတီ ဖြစ်ပါသည်။ ရခိုင်ရိုးမ တောင်တန်း တောင်စွယ်များ ရေနက်ကွင်းများကို ကျောထောက်နောက်ခံပြုလျက် တည်ထားသည့် ထိုစေတီလေး၏ ပုံရိပ်နှင့် သဘာဝပတ်ဝန်းကျင် အနေအထားသည် ဆေးရောင်စုံပန်းချီကား တစ်ချပ်နှင့် တူနေပါသည်။
ဧရာဝတီမြစ်မှ ခွဲထွက်စီးဆင်း လာသော ငဝန်မြစ်သည် သမိုင်းစဉ် ရှည်လျားသော မြစ်ဖြစ်ပြီး မြစ်ကမ်း ပါးဝဲယာတွင် ပုသိမ် ၃၂ မြို့နှင့် ပတ်သက်သော သမိုင်းခြေရာများကို တွေ့နိုင်ပါသည်။ ပုသိမ် ၃၂ မြို့အနက် အများစုမှာ ယခုအချိန်ထိ ဆက်လက် တည်ရှိနေသော်လည်း အချို့မှာ မထင်မရှား ပျောက်ကွယ်သွားကြောင်း သိရပါသည်။ ကွင်းပေါက်ကျေးရွာမှ အသက် ၆ဝ နှစ်ရှိ ဦးစိန်ဝင်းက ''အောင်သိဒ္ဓိမတည်မီ ဒီဘုရားကုန်းမှာ ကိုးတောင်ပြည့် စေတီလေး တည်ခဲ့ဖူးတယ်။ စေတီတည်ဖို့ ဘုရားကုန်းကို ရှင်းလင်းတဲ့အခါ ရှေးဟောင်းအုတ်ကျိုးတွေ စုပုံထားတာတွေ့ရတယ်။ အုတ်ပုံကိုဖယ်တော့ ရုပ်ပွားတော်တစ်ဆူရဲ့ ဦးခေါင်းတော် ပေါ်လာတယ်။ ရုပ်ပွားတော် စုစုပေါင်း သုံးဆူရှိပြီး အနောက်မြောက်ဘက်ကို မျက်နှာမူနေတယ်လို့ ဘုရားလူကြီးတွေ ပြောတာမှတ်မိနေတယ်။ တင်ပလ္လင်ခွေ ရုပ်ပွားတော် သုံးဆူဟာ ဥာဏ်တော် ငါးတောင် ခြောက်တောင်လောက် မြင့်တယ်လို့ ပြောကြတယ်။ အဲဒီနေရာဟာ ရှေးဟောင်းဘုရား တစ်ဆူရဲ့ ဌာပနာတိုက်ဖြစ်ပြီး မွန်စာနဲ့ ရေးထားတဲ့ ရှေးဟောင်းအုတ်ချပ်တွေလဲ တွေ့ရတယ်လို့ အသက် ၈၈ နှစ်ရှိတဲ့ အဘဦးလှမောင် ပြောသွားတယ်''ဟု ရှင်းပြသည်။
ကွင်းပေါက်ရွာသား အသက်၆၇နှစ်ရှိ ဦးလှမြင့်ကလည်း ''အဲဒီနေရာဟာ ရှေးဟောင်းဘုရားတစ်ဆူရဲ့ ဌာပနာတိုက်ဖြစ်ပေမယ့် အဖိုးတန် ရတနာပစ္စည်းတွေ မရှိတော့ပါဘူး။ ရုပ်ပွားတော်သုံးဆူကိုတူးဖော်တဲ့အခါ မြေဆီမီးခွက် ၆ဝ ကျော်၊ ၇ဝ ကျော် တွေ့ပြီး ငွေသားဓာတ်တော်ကြုတ် တစ်ခုလဲတွေ့တယ်။ အဲဒီဓာတ် တော်ကြုတ်မှာ မွန်အက္ခရာစာတွေ ရေးထားပြီး အုတ်ချပ်တွေမှာလဲ မွန်စာပါတယ်လို့ ပြောကြတယ်။ အားလုံးကို ကိုးတောင်ပြည့်စေတီမှာ ဌာပနာလိုက်တဲ့အတွက် အထောက် အထားပြစရာ မရှိတော့ပါဘူး''ဟု ရှင်းပြပါသည်။ ထိုစဉ်က တည်ခဲ့သော ကိုးတောင်ပြည့် စေတီလေးသည် နှစ်ပေါင်း ၆ဝကျော်၊ ၇ဝ ခန့်ကြာသော်အခါ လေဒဏ်မိုးဒဏ် သဘာဝဘေးရန်ကြောင့် ပျက်စီးယိုယွင်းလာသဖြင့် ကွင်းပေါက် ရွာသားများ စုပေါင်းကာ ဥာဏ်တော် ၂၃ တောင်မြင့်သည့် အောင်သိဒ္ဓိစေတီတော်ကို ရံစေတီ ရှစ်ဆူနှင့်တကွ အသစ်တစ်ဖန် တည်ထားနိုင်ခဲ့ပါသည်။
ဤဘုရားကုန်းသည် ရှေးမွန်ဘုရင်များ၊ မွန်မြို့စားနယ်စားများ လက်ထက်ကပင် ဘုရားစေတီတည် ထားခဲ့သည့် ဘုရားကုန်းဖြစ်ကြောင်း ထင်ရှားသော်လည်း ဌာပနာတိုက်ထဲတွင် ရောက်နေသော သမိုင်း အထောက်အထားများကို နှောင်းလူများ ပြန်လည်ကြည့်ရှုခွင့် မရတော့ပါ။ ဤဘုရားကုန်းသည် ရှေးမွန်ဘုရင်များ ဘုရားတည်ခဲ့သော နေရာဖြစ်လျှင် ဘုရားအနီးရှိ ကွင်းပေါက်ရွာသည်လည်း ရှေးမွန်များနေထိုင်ခဲ့သည့် မွန်ကျေးရွာဟောင်း ဖြစ်နိုင်ပါသည်။ ဘုရားသမိုင်းနှင့် ပတ်သက်သော အထောက်အထားများ မရှိတော့သဖြင့် ရွာသမိုင်းလည်း မထင်မရှား ဖြစ်သွားခဲ့ပါသည်။ ထို့ကြောင့် ဒေသခံကျေးရွာလူကြီးများ၏ ရှင်း လင်းပြောကြားချက်များကိုသာ အကောင်းဆုံးသမိုင်းမှတ်တမ်းအဖြစ် လက်ခံခဲ့ရပါသည်။
ကွင်းပေါက်ရွာသား ဦးစိန်ဝင်း၊ ဦးလှမြင့်တို့သည် အောင်သိဒ္ဓိစေတီ တော်၏ သမိုင်းနောက်ခံကို စိတ်ပါ ဝင်စားစွာ ရှင်းပြခဲ့ပြီး လိုအပ်သော အချက်များကို အခြားရွာသားများက ဖြည့်စွက်ပြောပြကြပါသည်။ တစ်ရွာလုံး လက်ညီတက်ညီ ပြောပြခြင်း ဖြစ်သဖြင့် ကျေနပ်ဖွယ် ကောင်းလှပါသည်။ ထို့ပြင် ရွာအရှေ့ဘက်ရှိ လဟာကြီး ရေနက်ကွင်းကိုဖြတ်၍ ရိုးမတောင်ခြေရှိ တောရကျောင်းသို့ သွားရောက်လေ့လာရန် ရွာခံဦးကိုခွေးက ပဲ့ထောင်မော်တော်ဖြင့် ပို့ပေးပြီး ဦးဝင်းညွန့်၊ ဦးငြိမ်းတင်တို့ ညီအစ်ကိုကလည်း ခရီးစဉ်အစအဆုံး တက် တက်ကြွကြွ ပါဝင်ကူညီသဖြင့် အဆင်ပြေခဲ့ပါသည်။
ကျွန်တော်တို့သည် နောက်နေ့တွင် ပုသိမ် ၃၂ မြို့စာရင်းဝင် ခေနံရွာသို့ ခရီးဆက်ကြပါသည်။ ခေနံ ရွာသည် ငဝန်မြစ်အနောက်ဘက်ကမ်း တွင်ရှိပြီး ကွင်းပေါက်ရွာနှင့် ရိုးချောင်း ကလေးတစ်ခုသာ ခြားနေပါသည်။ ရှေးခေတ်က စည်ကားသော မွန်မြို့ ရွာကြီးတစ်ခုဖြစ်ပြီး ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် ပုသိမ် ၃၂ မြို့စာရင်းတွင် အမှတ်စဉ် ၂၄ ၌ ပါဝင်ခဲ့သည်။ မူလအမည်မှာ ကျိုက်ခရံ ဟေနံဖြစ်ပြီး ဒုတိယ အမည်နှင့် တတိယအမည်မှာ ခေနံဟု တွေ့ရသည်။ ကုန်းဘောင်ခေတ် သာယာဝတီမင်း (၁၁၉၉-၁၂ဝ၈) လက်ထက်ပုသိမ် ၃၂ မြို့စာရင်း အမှတ်စဉ် ၃ဝ တွင်လည်း ခေနံဟု ပါရှိပါသည်။
ရှေးခေတ်က မွန်လူမျိုးများ နေထိုင်ခဲ့သည့် ခေနံသည် ယခုအခါ ကျေးရွာကြီးတစ်ရွာအဆင့်ဖြစ်နေ သည်ကိုတွေ့ရသည်။ ရွာထိပ်ရှိသာ သနာ့ဟိတကာရီကျောင်းတိုက်အဝင် မုခ်ဦး စင်္ကြံနှင့် ကျောင်းတိုက်ကြီး ၏ထည်ဝါခမ်းနားမှုမှာ ရွာအဆင့် မဟုတ်ဘဲ မြို့အဆင့်ဖြစ်နေကြောင်း သတိပြုမိပါသည်။ ထို့ကြောင့် ခေနံ သည် ရှေးအခါက ပုသိမ် ၃၂ မြို့ စာရင်းဝင် မြို့တစ်မြို့ဖြစ်ခဲ့သည်ဟု ယုံကြည်မိပါသည်။ ရွာအတွင်း၌ရှိသော အိမ်များမှာ မြန်မာအိမ်များနှင့် မတူဘဲ ရှေးဟောင်းမွန်အိမ်ကြီးများနှင့် တူနေကြောင်း တွေ့ရပါသည်။
ကျွန်တော်တို့ ခေနံရွာသို့ သွားခြင်းမှာ သမိုင်းဟောင်းကို တူးဖော် ရန်မဟုတ်ပါ။ ခေနံရွာတွင် တူးဖော် ရရှိထားသည့် ရှေးဟောင်းဘုရား ရုပ် ပွားတော်များကို လေ့လာမှတ်တမ်း တင်ရန် သွားရောက်ခြင်းဖြစ်ပါသည်။ ရုပ်ပွားတော်များကို ခေနံရွာအတွင်း နှစ်နေရာ၌ သီးခြားတွေ့ရှိခြင်းဖြစ်ပြီး ရုပ်ပွားတော် ၁၄ ဆူတွေ့ရှိပုံကို ဒေသခံ အသက် ၅၅ နှစ်အရွယ် ဦးကံညွန့်က ရှင်းပြပါသည်။ ဦးကံညွန့်က ''ကျွန်တော်တို့ရွာဟာ ငဝန်မြစ်ကမ်းမှာ ရှိတဲ့အတွက် မကြာခဏ ရေတက်ပါတယ်။ ဒီနေရာမှာ အရင်က အိမ်တွေရှိပေမယ့် ဘယ်သူမှ မနေနိုင်ဘဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၁၃၅၂ ခုနှစ်မှာ တန်ဆောင်တိုင်ပွဲ အတွက် မဏ္ဍပ်ထိုးဖို့ မြေတူးတော့ အလတ်စားရုပ်ပွားတော်တစ်ဆူ စတွေ့ တယ်။ အဲဒါကြောင့် လူကြီးတွေကို အသိပေးပြီး စနစ်တကျ ဆက်တူးတဲ့အခါ ခြောက်ပေအနက် အုတ်ရိုးဆုံး တော့ ရုပ်ပွားတော် ၁၄ ဆူတွေ့ရပါတယ်။ ဥာဏ်တော် အမြင့်ဆုံးက ၂၇ လက်မ ရှိပါတယ်။ အရွယ်အစား မျိုးစုံပါဝင်တာတွေ့ပါတယ်။ အုတ် ချပ်တွေက ဒီခေတ်အုတ်နဲ့ မတူဘူး။ အလယ်မှာ ချက်မပါတဲ့ လက်အုတ် တွေပါ။ ဘုရားတွေကို စနစ်တကျ အုတ်ရိုးစီပြီး မြေမြှုပ်ထားပေမယ့် နှစ်ပေါင်းများစွာ ရေတိုက်စားပြီးပေါ်လာ ခြင်းဖြစ်ပါတယ်''ဟု ရှင်းပြသည်။
ခေနံရွာတွင် ရှေးဟောင်းရုပ်ပွားတော်များ တူးဖော်ရရှိသော သတင်းကြားသောအခါ ပုသိမ်မြို့မှ ရှေးဟောင်းသုတေသန ပညာရှင်များ လာရောက်လေ့လာကြည့်ရှုခဲ့ပြီး အင်းဝခေတ်နှောင်းပိုင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်များဖြစ်သည်ဟု မှတ်ချက်ချခဲ့ကြောင်း သိရပါသည်။ ခေတ်တစ်ခေတ်နှင့် တစ်ခေတ် ရုပ်ပွားတော် ထုလုပ်ပုံမတူညီဘဲ အင်းဝခေတ်တွင် ထုံးကျောက်၊ ကုန်းဘောင်ခေတ်တွင် စကျင်ကျောက်ဖြင့် ထုလုပ်လေ့ရှိပါသည်။ ခေနံရွာတွင်တွေ့ရှိသော ရုပ်ပွားတော်များမှာ ထုံးကျောက်ဖြစ်သဖြင့် အင်းဝခေတ်နှောင်းပိုင်းလက်ရာဟု သတ်မှတ်ခြင်း ဖြစ်ပါသည်။
ရုပ်ပွားတော်များသည် ဥာဏ်တော်ကွာခြားသော်လည်း အားလုံးသည် ဘူမိဖဿမုဒြာများဖြစ်သည်။ ရုပ်ပွားတော်အချို့တွင် တကဲမပါသော်လည်း အများစုမှာ တကဲနှင့် ပလ္လင် တစ်ဆက်တည်း ထုလုပ်ထားကြောင်းတွေ့ရသည်။ ခေနံရွာမြောက် ပိုင်းတွင်လည်း ရုပ်ပွားတော်များ တူးဖော်ရရှိဖူးကြောင်း သိရသဖြင့်သွား ရောက်ကြည့်ရှုရာ ရုပ်ပွားတော် ၂၈ ဆူ ဖူးတွေ့ရပါသည်။ ရုပ်ပွားတော်များကို ထိန်းသိမ်းစောင့်ရှောက်နေသော အသက် ၇၅ နှစ် ရှိနေပြီဖြစ်သော ခေနံရွာသားကြီး ဦးထွန်းနုက ''ဒီရွာကို ပုသိမ် ၃၂ မြို့ စာရင်းဝင် ခေနံရွာလို့ ပြောနေကြပေမယ့် ခေမာမိဖုရား ကြီးနေခဲ့တဲ့ ခေမာမြို့ဟောင်းလို့ ရှေးလူကြီးတွေ ပြောဖူးပါတယ်။ ဒီနေရာဟာ ခေမာမြို့ဟောင်းရဲ့ နန်းဦးဘုရား ဖြစ်တဲ့အတွက် ရုပ်ပွားတော်တွေ တူးဖော်ရရှိတယ်လို့ ပြောနိုင်ပါတယ်။ ခေမာမြို့ဟောင်းနဲ့ ပတ်သက်တဲ့ အထောက်အထား မပြနိုင်ပေမယ့် မွန်တွေနေတဲ့ မွန်ရွာကြီး ဖြစ်ခဲ့တာတော့ သေချာပါတယ်၊ ခေမာမိဖုရားကြီးဟာလဲ မွန်ဘုရင်တစ်ပါးရဲ့ မိဖုရား ဖြစ်နိုင်ပါတယ်''ဟု စိတ်ဝင်စားဖွယ် ရှင်းပြပါသည်။
ကျွန်တော်သည် ငဝန်မြစ်ကမ်းပေါ်ရှိ ရှေးဟောင်းမွန်ကျေးရွာများသို့ တကူးတက သွားရောက်ပြီး အင်းဝခေတ်နှောင်းပိုင်း ရုပ်ပွားတော်များကို မှတ်တမ်းတင်နိုင်သဖြင့် ငဝန်မြစ်ကြီးကို ကျေးဇူးတင်မိပါသည်။ ငဝန်မြစ်ကြီးသည် ပုသိမ် ၃၂ မြို့အကြောင်း ကောင်းစွာသိမီသဖြင့် တစ်ချိန်ချိန်တွင် သမိုင်းမြှုပ်ကွက်များကို ထပ်မံ ဖော်ထုတ်ပေးလိမ့်မည်ဟု မျှော်လင့်နေမိပါသည်။ www.zaygwet.com
ဘသန်းတင်

0 Comments:

blogger templates | Make Money Online