4/02/2008

SPDC တဇွတ်ထိုးကျင်းပသော အမျိုးသားညီလာခံအပေါ် သုံးသပ်ခြင်း (1)

1988 မှာ ပြည်သူတရပ်လုံးက တပါတီ အာဏာရှင်စနစ်ဖြုတ်ချရေး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ကြွေးကြော်သံနှင့်အတူ လူထုအရေးတော်ပုံကြီး ပေါ်ခဲ့တယ်။ ဒီလူထု အရေးတော်ပုံကြောင့် တပါတီ အာဏာရှင်စနစ် ဖြုတ်ချခဲ့ပြီး 1988 စက်တင်ဘာလ 18 မှာ စစ်အုပ်စု အာဏာသိမ်းကာ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာအပ်မယ်လို့ ဂတိပေးခဲ့တယ်။ ကြိုတင်ပြီး 1989 ဂျူလိုင် 20 မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခဲ့တယ်။ ဒါကြောင့် အာဏာသိမ်းတဲ့ နဝတ ဟာ 1990 မေလ 27 ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပခဲ့တယ်။ စစ်အုပ်စု အမာခံပါတီ တစည ဟာ လွတ်တော်ကိုယ်စားလှယ် (MP) 10 ဦးသာ ရရှိပြီး၊ NLDက မဲအပြတ်အသတ် MP 392 ဦး၊ တိုင်းရင်းသား MP 67 ဦး ရရှိခဲ့တာကြောင့်ရယ်၊ ၄င်းတို့က ၁၉၉၀ ခုနှစ် July လ 27 ရက်နေ့မှာ ကြေငြာချက် ၁/၉၀ ဖြစ်တဲ့ MP တွေကို လွှတ်တော်ခေါ်ယူပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်မယ်ဆိုတာကို ရှောင်လွှဲဖို့ အစီအစဉ်လုပ်ခဲ့တယ်။

1991/92 ခုနှစ်မှာ အတိုက်အခံနိုင်ငံရေးပါတီခေါင်းဆောင် အများအပြားကို ဖမ်းဆီးထောင်ချခဲ့တယ်။ စစ်အုပ်စုနဲ့ အတိုက်အခံဖြစ်တဲ့ နိုင်ငံရေးပါတီ အများစုကိုလည်း ဖျက်သိမ်းခဲ့တယ်။ သေချာပြီးမှ 1992 မေလ 28 မှာ အမိန့်ကြေငြာစာအမှတ် 9/92 အရ နိုင်ငံရေးပါတီ 7 ပါတီ၊ စစ်အုပ်မှ 7 ဦး၊ ပြည်သူများလေးစားတဲ့ ခေါင်းဆောင်များ ၂၈ ဦးတို့ ညှိုနှိုင်းပြီး အမျိုးသားညီလာခံ ကျင်းပရန် ဆိုထားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ စစ်အုပ်စုဟာ တကယ့်လက်တွေ့မှာတော့ စစ်အုပ်စု ထောက်ခံတဲ့ ကိုယ်စားလှယ် အများစုတွေကို အစုအဖွဲ့ (၈) ဖွဲ့ခွဲပြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ် အစုအဖွဲ့ (၄၈) ဦး၊ ရွေးချယ်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ (၉၉) ဦး၊ ပြည်နယ်နှင့်တိုင်း ကိုယ်စားလှယ်အစုအဖွဲ့ (၂၁၂) ဦး၊ နိုင်ငံဝန်ထမ်း ကိုယ်စားလှယ်အစုအဖွဲ့ (၉၀) ဦး၊ အလုပ်သမား ကိုယ်စားလှယ်အစုအဖွဲ့ (၂၉) ဦး၊ လယ်သမား ကိုယ်စားလှယ်အစုအဖွဲ့ (၉၃) ဦး၊ တတ်သိပညာရှင် ကိုယ်စားလှယ်အစုအဖွဲ့ (၃၅) ဦး၊ အထူးဖိတ်ကြားသင့်သော ကိုယ်စားလှယ်အစုအဖွဲ့ (၈၁) ဦး၊ စုစုပေါင်း (၇၁၂) ဦးနဲ့ တက်ရောက်ဆွေးနွေးစေခဲ့ပါတယ်။ 1996 ခုနှစ် မတ်လမှာ NLDဟာ အမျိုးသားညီလာခံကနေ နှုတ်ထွက်ခဲ့တာကြောင့် အမျိုးသားညီလာခံ ပိတ်ခဲ့ရတယ်။ ဒါပေမယ့် စစ်အုပ်စုဟာ အမျိုးသားညီလာခံက ဦးတည်ချက် (၆) ချက်နှင့် အသေးစိတ်အခြေခံရမည့်မူ (၁၀၄) ချက်ကို အတင်းအကြပ် အတည်ပြုခဲ့ပါတယ်။ အမျိုးသားညီလာခံအပေါ် ပြည်သူများ ဝေဖန်ထောက်ပြမှုကို ပိတ်ပင်တဲ့အနေနဲ့ ၅/၉၆ ဥပဒေကိုလည်း ပိတ်ပင်ကန့်သတ်ထားခဲ့တယ်။
ဒီလိုအကြပ်အတည်း တွေ့နေချိန်မှာ စစ်အုပ်စုက 2003 မေလ 30 မှာ NLD အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်မှာ ဒီပဲယင်းမှာ အကြမ်းဖက် လူသတ်မှု လုပ်ကြံခဲ့တယ်။ ဒါကို ပြည်သူတွေနှင့် နိုင်ငံတကာများက ဖိအားပေးမှု များစွာရှိခဲ့ပါတယ်။ ဒီအရေးအခင်းကို ရှောင်လွှဲဖို့ (၃) လအကြာ သြဂုတ်လ 30 မှာ ဗိုလ်ခင်ညွန့်ရဲ့ နိုင်ငံရေးလမ်းပြမြေပုံ (Road Map) (၇) ချက်ကို ထုတ်ပြန်ခဲ့တယ်။ ဒီ လမ်းပြမြေပုံရဲ့ အစီအစဉ် (၁) ကို 2004 ခုနှစ် မေလ 17 ရက်နေ့မှာ အမျိုးသားညီလာခံ ပြန်ဖွင့်ဖို့လို့ စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ စစ်အုပ်စုဟာ ဒီအမျိုးသားညီလာခံ ဒုတိယပိုင်းမှာ NLD နဲ့ SNLD မတက်ရောက်ခဲ့တော့ ပိုပြီးစိတ်ချသေချာအောင် ကိုယ်စားလှယ်များကို အောက်ပါအတိုင်း တိုးချဲ့ခဲ့ပါတယ်။ နိုင်ငံရေးပါတီ ကိုယ်စားလှယ်အစုအဖွဲ့ (၂၉) ဦး၊ ရွေးချယ်ခံ ကိုယ်စားလှယ်အစုအဖွဲ့ (၁၅) ဦး၊ အလုပ်သမား ကိုယ်စားလှယ် အစုအဖွဲ့ (၄၈) ဦး၊ တောင်သူလယ်သမား ကိုယ်စားလှယ်အစုအဖွဲ့ (၉၃) ဦး၊ ပြည်နယ်နှင့်တိုင်း ကိုယ်စားလှယ်အစုအဖွဲ့ (၆၃၃) ဦး၊ နိုင်ငံဝန်ထမ်း ကိုယ်စားလှယ်အစုအဖွဲ့ (၁၀၉) ဦး၊ အထူးဖိတ်ကြားသင့် (အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့) အစုအဖွဲ့ (၁၀၅) ဦး၊ တတ်သိပညာရှင် ကိုယ်စားလှယ်အစုအဖွဲ့ (၅၆) ဦး စုစုပေါင်း (၁၀၈၈)ဦးတို့ တက်ရောက်ဆွေးနွေးစေခဲ့ပါတယ်။
ဒုတိယပိုင်းညီလာခံမကျင်းပခင်နှင့် ကျင်းပဆဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်နှင့် နိုင်ငံတော်အကြီးအကဲသို့ သုံးကြိမ် အကြံပြုစာ ပေးပို့ခဲ့တယ်။ ဒါကို မလိုက်လျောခဲ့လို့ လက်နက်ကိုင်အဖွဲ့အစည်းတချို့ နှုတ်ထွက်ခဲ့တယ်။
2007 ခုနှစ် စက်တင်ဘာလ 3 မှာ အမျိုးသားညီလာခံ ပြီးဆုံးခဲ့ပါတယ်။ အဲဒီအချိန်ဟာလည်း ရွှေဝါရောင် လူထုဆန္ဒဖော်ထုတ်ပွဲကြီးနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါကို ရှေ့တကွက်ကျော် ဖြေသိမ့်လိုတာနဲ့၊ နိုင်ငံတကာ ဖိအားပေးမှု၊ UNSC အနေနဲ့ UN အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ (၂) ခါ ရောက်ရှိတွေ့ဆုံခြင်းနှင့်ကို တုန့်ပြန်လိုတာကြောင့် အမျိုးသားညီလာခံကို ပွဲသိမ်းခဲ့ပါတယ်။
အချုပ်အားဖြင့် နဝတ/ နအဖ တို့ ဇွတ်ကျင်းပသော အတုအယောင် အမျိုးသားညီလာခံဟာ
- ပြည်သူ့ကိုယ်စားလှယ်အများစု နိုင်ငံရေးပါတီခေါင်းဆောင်များ ပါဝင်ဆွေးနွေးထားတာ မဟုတ်ဘူး။
- ပါတီ၊ အဖွဲ့အစည်းများ စုံစုံညီညီနှင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆွေးနွေးထားတာ မရှိဘူး။
- ပြည်သူအများ ပူးပေါင်းပါဝင်နိုင်ခွင့်ကို ပိတ်ပင်တဲ့ (၅/၉၆) ဥပဒေနှင့် ကန့်သတ်ချုပ်ချယ်ထားတယ်။
- ဆွေးနွေးမှု ရလာဒ်များဟာ စစ်တပ်၏ အခန်းကဏ္ဍကို ဦးစားပေးမှု အလွန်များတယ်။
ဒါကြောင့် ဒီအတုအယောင်အမျိုးသားညီလာခံရဲ့ ရလာဒ် အခြေခံမူဟာ မိမိတို့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီကျင့်စဉ်နှင့် မကိုက်ညီဘူး။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အလွန်အလှမ်းဝေးနေတယ်။ တစ်ဆို့နေတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းမဟုတ်ပါ။ မမျှော်လင့်ပါ။ တိုးတက်သော သာယာသော နိုင်ငံတော်တစ်ခု တည်ဆောက်နိုင်မည်မဟုတ်ဘူးလို့ ယုံကြည်တယ်။ စစ်တပ်သက်ဆိုးရှည်စေရေးနှင့် တရားဝင်နိုင်ငံတော် အုပ်ချုပ်နိုင်ရေး အတွက် ကြိုးစားစွမ်းဆောင်နေခြင်းပင် ဖြစ်တယ်။

0 Comments:

blogger templates | Make Money Online