4/02/2008

SPDC ရဲ့ဖွဲစည်းပုံအခြေခံဥပဒေကိုသုံးသပ်ခြင်း (2)

SPDC ရဲ့ အတုအယောင်အမျိုးသားညီလာခံမှ ရလာဒ်ကို အခြေခံမူအဖြစ်ခံယူပြီး နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအဖြစ်ပြုလုပ်ထားတယ်။ ဒါကြောင့်ဒီဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အားနည်းချက်ကို သိဖို့လိုတဲ့အတွက် ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို အောက်ပါအတိုင်း(သုံးသပ်ဖို့လိုပါတယ်)

(၁) စစ်မှန်သောပါတီစုံစနစ် ဟုတ် - မဟုတ် လေ့လာဆန်းစစ်ခြင်း။
နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်သည့် သမ္မတကို -
(က) အထက်လွှတ်တော်(အရပ်သား ပြည်သူ့ကိုယ်စားလှယ် ၁၆၈ ဦး ) မှ ဒုတိယသမ္မတ တဦး။
(ခ) အောက်လွှတ်တော်(အရပ်သား ပြည်သူ့ကိုယ်စားလှယ် ၃၃၀ ဦး ) မှ ဒုတိယသမ္မတ တဦး။
(ဂ) ကာကွယ်ရေးဦးစီးချုပ်မှ ရွေးချယ်ပေးလိုက်သော၊ တပ်မတော်ကိုယ်စားလှယ် (စစ်ဘက် ကိုယ်စားလှယ် ၁၆၆ ဦး)မှ ဒုတိယသမ္မတ တဦး ၄င်း(၃)ဦးအနက်တဦးဦးကို ပြည်ထောင်စုလွှတ်တော် (အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုပေါင်း)မှ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမည်။ ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ အတွေ့အကြုံရှိသူဖြစ်ရမည် စသောသမ္မတအရည်အချင်းနှင့်လည်း ပြည့်စုံရမယ်လို့ ဖေါ်ပြထားပါတယ်။ ဒါကြောင့် သမ္မတဟာ ဘယ်ပါတီကအစိုးရဖြစ်ပြီး၊ ဘယ်ပါတီဟာ အတိုက်အခံဖြစ်မလဲ မပေါ်လွင်တော့ဘူး၊
ဒါကြောင့် အတိုက်အခံပါတီမရှိခြင်းဟာ၊ ပါတီစုံစနစ်မဟုတ်ကြောင်း ထင်ရှားစေတယ်။ နောက်ပြီး ပြည်နယ်/ တိုင်းလွှတ်တော်များတွင် ပြည်နယ်/တိုင်းအထွေတွေအုပ်ချုပ်ရေး ဦးစီးမှူးများဟာ သက်ဆိုင်ရာ ပြည်နယ် /တိုင်းလွှတ် တော်၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမယ်လို့ ပါရှိတယ်။ ရွေးကောက်ပွဲ အနိုင်ရပါတီ (ကိုယ်စားလှယ် ထက်ဝက်ကျော် အနိုင်ရသည့်ပါတီ) အစိုးရဖွဲ့ပြီး မိမိ ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်ကို၊ လွှတ်တော်အတွင်းဝန် (အတွင်းရေးမှူး)အဖြစ်သာ ခန့်သင့်တယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အခုဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်မှန်သော ပါတီစုံစနစ် မဟုတ်တာ သေချာတယ်။

(၂) စစ်မှန်သော ဒီမိုကရေစီစနစ် ဟုတ်-မဟုတ် လေ့လာဆန်းစစ်ခြင်း
(က) လွှတ်တော်အသီးသီးမှ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ပေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅% ပါရှိရမယ်။ (အောက်လွှတ်တော် ၄၄၀ ဦးတွင် တပ်မတော်သား (၁၁၀) ဦး၊ အထက်လွှတ်တော် (၂၂၄)ဦးတွင် တပ်မတော်သား (၅၆)ဦး။
(ခ) လွှတ်တော်အစည်းအဝေးတရပ်ရပ်တွင် လွှတ်တော်ကိုယ်စားလှယ် သုံးပုံတပုံ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်ဟု ပါရှိတယ်။ (သုံးပုံတပုံ အချိုးသည် ၃၃.၃% ဖြစ် ၂၅% က စစ်တပ်ဖြစ်လျှင် လွှတ်တော်အစည်းအဝေး တခုခုပြုလုပ်လိုက အပို ၈% ရရှိလျှင် အချိန်မရွေး လွှတ်တော်ခေါ်ယူနိုင်မယ်လို့ သွယ်ဝိုက် ရည်ရွယ်ပြီးသားဖြစ်တယ်။
(ဂ) လွှတ်တော်အစည်းအဝေး တရပ်ရပ်တွင် မဲပေးပိုင်ခွင့်မရှိသူ ပုဂ္ဂိုလ်တဦးဦးကအဆုံး အဖြတ်မဲ ပေးစေခြင်းဖြင့် အတည်ပြုခဲ့သော အချက်များကို၊ နောက်နောင်မှ တွေ့ရှိပါက သက်ဆိုင်ရာလွှတ်တော်၏ ဆုံးဖြတ်ချက် လုပ်ဆောင်ချက်များသည် ပျက်ပြယ်ခြင်းမရှိစေရဟု ပါရှိတယ်၊ ဒီအချက်ကိုကြည့်ပြီး သုံးသပ်ခြင်းအားဖြင့် စစ်မှန်သော ဒီမိုကရေစီမဖြစ်နိုင်ပါ။ အခြေခံ ဒီမိုကရေစီကျင့်စဉ်နှင့် မကိုက်ညီပါ။

(၃) နိုင်ငံတော်အစိုးရ ဖွဲ့စည်းတည်ဆောက်ထားပုံကို လေ့လာခြင်း
- နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။
- နိုင်ငံတော်သမ္မတသည် မိမိအစိုးရအဖွဲ့ကို လွပ်လပ်စွာ ဖွဲ့စည်းခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ပေးသော အရေးကြီးသော ဝန်းကြီးဌာနများဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေး ဝန်ကြီးတို့ကို မိမိကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဝန်ကြီးအဖြစ် ခန့်အပ်ရမယ်။ ဘယ်လွှတ်တော်ရဲ့ သဘောတူညီချက်မှ ယူဖို့မလိုပါ။ အဲဒီဝန်ကြီး (၃) ဦးဟာ အစိုးရဝန်ကြီးဖြစ်ပါလျက်နဲ့ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေး ဦးစီးချုပ်ရဲ့ လက်အောက်ခံဖြစ်နေတယ်။ စစ်တပ်ဟာ နိုင်ငံတော်အစိုးရအဖွဲ့၏ အထက်တွင် ရှိနေတယ် ဆိုတာကို လေ့လာလျှင် လုံးဝမဖြစ်သင့်ပါ။

(၄) စစ်တပ်အခန်းကဏ္ဍ
- စစ်တပ်ဟာ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ပါဝင်ရေးဖြစ်ရမယ်ဆိုတာနဲ့အညီ အောက်ပါအတိုင်း နေရာအသီးသီးမှာ ဦးဆောင်နေတာ တွေ့ရမယ်။
- လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ် ၂၅% ရှိရမယ်။
- သမ္မတရွေးချယ်မှုတွင် ဒုတိယသမ္မတများမှ သမ္မတအဖြစ် တည်ရှိတာကိုကြည့်လျှင် စစ်တပ်ကဘဲ ဖြစ်ရမယ်။
- ကာကွယ်ရေးဦးစီးချုပ်ဟာ ဒုတိယသမ္မတ အဆင့်နဲ့ ညီတယ်လို့ ဆိုထားပြန်တယ်။
- အရေးကြီးဝန်ကြီးဌာနဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ လုံခြုံရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှာ စစ်တပ်ကသာ နေရာယူဖို့ ဖြစ်တယ်။
- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနေရာ (11) နေရာတွင် (၆) နေရာဟာ စစ်တပ်မှ ယူထားခြင်း စသည်တို့ကို ကြည့်ခြင်းအားဖြင့် စစ်တပ်ရဲ့ အခန်းကဏ္ဍအာဏာဟာ အလွန်ပိုများနေတယ်။ လုံးဝမဖြစ်သင့်ပါ။

(၅) စစ်မှန်သော ပြည်ထောင်စုဟုတ်မဟုတ် လေ့လာသုံးသပ်ခြင်း။
ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ဖွဲ့စည်းပုံကို ကြည့်ရင် ပြည်နယ်နှင့်တိုင်းရဲ့ ဝန်ကြီးချုပ် (Chief Ministers) များကို နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်း (Nominate) ပြီး သက်ဆိုင်ရာ လွှတ်တော်အသီးသီး၏ သဘောတူညီမှုကို ရယူကာ နိုင်ငံတော်သမ္မတက ခန့်အပ်ပေးရန်ဟု ချမှတ်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် သမ္မတက အမည်စာရင်း တင်သွင်းထားသော ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်လောင်းများကို အရည်အချင်းမပြည့်မှီကြောင်း ခိုင်လုံသော အထောက်အထားမပြနိုင်ပါက အခြားနည်းနဲ့ ငြင်းပယ်ခွင့်မရှိပါ။ ဒါ့အပြင် ပြည်နယ်နှင့်တိုင်းမှာ ဝန်ကြီးဌာန ထူထောင်ခွင့်နှင့် ဝန်ကြီးများ ခန့်အပ်ပိုင်ခွင့် အာဏာကိုလည်း သမ္မတကိုပင် ပေးထားတယ်။ ဝန်ကြီးဌာနတိုးချဲ့ခြင်း၊ လျော့ချခြင်း၊ ဖျက်သိမ်းခြင်းနှင့် ဝန်ကြီးများကို ခန့်အပ်ခြင်း၊ ရပ်စဲခြင်းအာဏာကိုပါ ပေးထားခြင်းသဘောဆောင်ပါတယ်။ ဒါကြောင့် ပြည်နယ်နှင့်တိုင်း အစိုးရများကို ဗဟိုအစိုးရ အကြီးအကဲဖြစ်တဲ့ သမ္မတက တိုက်ရိုက်ချုပ်ကိုင်ထားနိုင်တဲ့ တပြည်ထောင် အစိုးရစနစ် ဖြစ်နေပါတယ်။ ပြည်နယ်နှင့်တိုင်း ဥပဒေပြု လွှတ်တော်ရှိယုံမျှနဲ့ ပြည်ထောင်စုဟု ခေါ်ဆိုနိုင်မယ် မဟုတ်သလို သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှာ မိမိဆန္ဒနှင့် သက်ဆိုင်သော အစိုးရအဖွဲ့ကို တိုက်ရိုက်စီမံခန့်ခွဲနိုင်ခွင့်ရှိရမယ်။ မရှိခဲ့လျှင် စစ်မှန်သော ပြည်ထောင်စုတခု မဖြစ်ပေ။ ဒါကို အလေးအနက်ထား သုံးသပ်ရမယ်။
ဒါ့အပြင် ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းတွင်၎င်း၊ တိုင်းရင်းသားများ အခွင့်အရေးများ တာဝန်ယူခြင်း၊ ခွဲဝေခြင်းတွင်၎င်း လေ့လာသုံးသပ်လျှင် စစ်မှန်သော ပြည်ထောင်စုတခုအသွင် မဟုတ်ပေ။

(၆) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (National Defenses & Security Council) နှင့်ပတ်သက်၍ သုံးသပ်ချက်များ
၎င်းကောင်စီကို
1. နိုင်ငံတော်သမ္မတ
2. နိုင်ငံတော် ဒုတိယသမ္မတ (၁)
3. နိုင်ငံတော် ဒုတိယသမ္မတ (၂)
4. ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌ
5. အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
6. ကာကွယ်ရေးဦးစီးချုပ်
7. ဒုတိယ ကာကွယ်ရေးဦးစီးချုပ်
8. ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး
9. ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး
10. နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး
11. နိုင်ငံခြားရေးရာဝန်ကြီးဌာန ဝန်ကြီးများတို့ ပါဝင်ဖွဲ့စည်းထားတယ်။ ၄င်းတွင်စပ်တပ်မှ
- သမ္မတနှင့် ဒုတိယသမ္မတတွင် (၁) ဦး
- ကာကွယ်ရေးဦးစီးချုပ်
- ဒု - ကာကွယ်ရေးဦးစီးချုပ်
- ကာကွယ်ရေးဝန်ကြီး
- ပြည်ထဲရေးဝန်ကြီး
- နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး နေရာတို့တွင် အပိုင်ယူထားပါတယ်။
ဒီကောင်စီဟာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty of Pardon) ပေးသင့်မပေးသင့်နှင့် နိုင်ငံတော်သမ္မတကို အကြံပေးပိုင်ခွင့်၊ ကာကွယ်ရေးဦးစီးချုပ်ခန့်ထားရေး၊ နိုင်ငံတော်သမ္မတအား အကြံပြုပိုင်ခွင့်အာဏာ ပေးထားတယ်။ ဒီတော့ ဒီကောင်စီဟာ သမ္မတရဲ့ အစိုးရအဖွဲ့နှင့် လွှတ်တော်ကို အကြံပေးရန် မဟုတ်ဘဲ လမ်းညွှန်မှုပေးရန် သဘောဆောင်ပါတယ်။ ဒါကြောင့် ဒီကောင်စီဟာ စစ်တပ်အုပ်စိုး အပိုင်စီးတဲ့ သဘောဖြစ်ပါတယ်။

(၇) အရေးပေါ်ကာလပြဌာန်းချက်များကို သုံးသပ်ခြင်း
နိုင်ငံတော်မှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များဖြစ်တဲ့ သမ္မတနှင့် ဒုတိယသမ္မတများဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရေ အပ်နှင်းထားသော တာဝန်များကို ကာကွယ်ရေးဦးစီးချုပ်အား လွှဲပေးခြင်းမျိုးတွင် နှုတ်ထွက်ပေးရခြင်း မဆိုလိုပါ။ အရေးပေါ်ကာလအတွင်း၌သာ လွှဲအပ်ခြင်းဖြစ်သည်။ ယာယီရပ်ဆိုင်းထားခြင်းဖြစ်တယ်။ လွှတ်တော်ကိုလည်း ယာယီရပ်ဆိုင်းထားခြင်း ဖြစ်တယ်ဆိုတော့ အရေးပေါ်ကာလပြဌာန်းချက်ဟာ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ကို လုံးဝတာဝန်ပေးသလို ဖြစ်နေတယ်။ ဒီအချက်ဟာ လွှတ်တော်ကို စစ်တပ်က နောက်ကွယ်မှကြိုးကိုင်ထားပြီး လူထုအုံကြွှမှု ဖြစ်ပေါ်လာပါက စစ်တပ်မှ အာဏာသိမ်းရန်မလိုဘဲ တရားဝင် နှိမ်နှင်းခွင့် ရရှိရေးအတွက် ကြိုတင်စီစဉ်ထားပြီးသား ဖြစ်ပါတယ်။
(၈) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို သုံးသပ်ခြင်း
အခြေခံဥပဒေ၏ အရေးကြီးသော အခန်းကဏ္ဍများနှင့်ပတ်သက်၍ ပြင်ဆင်ရန်လိုအပ်လျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၆၆၄ ဦးမှာ (အောက်လွှတ်တော် (၄၄၀) ဦးနှင့် အထက်လွှတ်တော် ၂၂၄ ဦး) စုစုပေါင်း 75% ၄၉၈ ဦး ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း အခြေခံမူမှာ ပါရှိတယ်။ အရပ်သားကိုယ်စားလှယ် အောက်လွှတ်တော် (၃၃၀) ဦး၊ အထက်လွှတ်တော် (၁၆၈) ဦး၊ စုစုပေါင်း အရပ်သားကိုယ်စာလှယ် (၄၉၈) ဦးမှာ ကိုယ်စားလှယ်ပေါင်း (၄၉၈) ဦးလုံး ဖွဲ့စည်းပုံအခြခံဥပဒေကို ပြင်ဆင်ဖို့ သဘောတူနိုင်အောင် မလွယ်ပါ။ စစ်တပ် ကိုယ်စားလှယ်ဟာ (၁၆၆) ဦး၊ (အောက်လွှတ်တော်မှာ (၁၁၀) ဦးနှင့် အထက်လွှတ်တာ် (၅၆) ဦး) ဟာ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့လက်အောက်၌သာ ရှိခဲ့တာမို့ စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦး မပါလျှင် အခြေခံဥပဒေကို ပြင်ဆင်ဖို့ အတော် ခက်ခဲပါတယ်။ နောက်တချက်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ 20% လက်မှတ်ရေးထိုးအဆိုပြု တင်သွင်းမှ သာလျှင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ချုပ်ထားပြန်သည်ကိုကြည့်လျှင် စစ်တပ်က အချိန်မရွေး လွှတ်တော်ခေါ်ယူရန် အဆိုပြုခွင့် ရှိသည်ဖြစ်သည်။ ထို့ကြောင့် အခြေခံဥပဒေကို တဖြည်းဖြည်း ပြင်ဆင်သွား နိုင်သည် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။ အခက်အခဲများစွာ ရှိပေသည်။
အထက်ပါ SPDC ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်ကြည့်လျှင် ပါတီစုံစနစ်နှင့်လည်းမညီ၊ စစ်မှန်သော ပြည်ထောင်စုအတွက်လည်း အလှမ်းဝေး၊ ဒီမိုကရေစီကျင့်စဉ်များနှင့်လည်း ဆန့်ကျင်နေတဲ့အတွက် ပြည်သူအကျိုး တိုင်းရင်းသားအကျိုးအတွက် လုံးဝမဖြစ်နိုင်။ SPDC ရဲ့ တရားဝင် နိုင်ငံတော်အုပ်ချုပ်ဖို့၊ စစ်တပ်မှ သက်ဆိုးရှည်ရေး ဖန်တီးထားခြင်းဖြစ်တယ်။ ဒါ့ကြောင့် ဒီ SPDC တို့အလိုကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူအပေါင်းတို့ ထောက်ခံဖို့ မဖြစ်ပါ။ လုံးဝ (လုံးဝ) ဆန့်ကျင် ကန့်ကွက်သွားရမယ်။

0 Comments:

blogger templates | Make Money Online