4/02/2008

SPDC စစ်အာဏာရှင်အောက်မှ ပြည်သူ့ဘဝ (4)

2007 ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုပြီးနောက်ပိုင်းမှာ SPDC စစ်အုပ်ချုပ်မှုဟာ ပိုမိုတင်းကျပ်လာခဲ့တယ်။ ပြည်သူလူထုများ အနေနဲ့
1. နိုင်ငံရေးအကြပ်အတည်းအဖြစ် -
နိုင်ငံရေးပါတီများ ပိတ်ပင်ခံရခြင်း၊ ဖျက်သိမ်းခံရခြင်း၊ ဖမ်းဆီးအရေးယူခြင်း၊ ပြည်သူ့ကိုယ်စားလှယ်များကို အကြောင်းအမျိုးမျိုးပြ၍ ဖိအားပေးနှုတ်ထွက်စေခြင်း၊ အသိအမှတ်မပြုခြင်း။

2. တိုင်းရင်းသားသဘောထားအပေါ် အကြပ်အတည်း -
တိုင်းရင်းသားအခွင့်အရေးများကို အသိအမှတ်မပြုခြင်း၊ ပိတ်ပင်ခြင်း၊ နယ်စပ်ဒေသများ စစ်ဆင်ရေးပြုလုပ်ခြင်း၊ တိုင်းရင်းသားဒေသများတွင် ပြည်သူလူထုပိုင် လယ်ယာမြေသိမ်းကာ စစ်တပ်တိုးချဲ့ခြင်း
3. စီးပွားရေးအကြပ်အတည်း (စားဝတ်နေရေးနှင့် လူမှုရေးအခက်အခဲ)
အလုပ်လက်မဲ့ များလာခြင်း၊ နယ်စပ်ဖြတ်ကျော် အလုပ်လုပ်သူဦးရေ များလာခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်မားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ကျခြင်း၊ ပညာရေးအဆင့် နိမ့်ကျခြင်း၊ စရိတ်ကြီးမားခြင်း၊ စနစ်မတည်ငြိမ်ခြင်း စသည်တို့ကို ပိုမိုခံစားလာခဲ့ကြရပါတယ်။
ဒါ့အပြင် SPDC စစ်အာဏာရှင်တို့ဟာ အောက်ပါအကြပ်အတည်းနဲ့လည်း ရင်ဆိုင်နေရတယ်။
ကလေးစစ်သားခိုင်းစေမှု၊ တိုင်းရင်းသားများအား လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ဆင်ရေး၊ ရှေ့တန်းများတွင် အမျိုးသမီးများကို အဓမ္မပြုကျင့်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှု၊ ပြည်သူလူထုပိုင် ဥယျာဉ်ခြံမြေ၊ ငွေကြေး၊ ပစ္စည်းများကို မတရားသိမ်းယူမှု၊ 1988 လူထုများအား အဓမ္မ သတ်ဖြတ်မှု၊ 2003 ခုနှစ် မေလ 30 ရက်နေ့ ဒီပဲယင်းလူသတ်မှု၊ 2007 ခုနှစ် စက်တင်ဘာလမှာ ရဟန်းသံဃာတော်များ ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နှင်း၊ ရဟန်းရှင်နှင့် လူအများအပြား သေဆုံးကြရမှု စသည်တို့ကိုလည်း ကျူးလွန်နေတဲ့အတွက် ရဟန်းရှင် ပြည်သူတရပ်လုံးမှာ မခံမရပ်နိုင်သည့်အပြင် နိုင်ငံတကာမှလည်း ကုလသမဂ္ဂ ညီလာခံမှာ ဆွေးနွေးခဲ့ရတယ်။ အမျိုးသား လုံခြုံရေးကောင်စီ UNSC မှာ အစီအစဉ်တစ်ခုအနေနဲ့ တင်ပြဆွေးနွေးပြီး အဖွဲ့ဝင် 15 နိုင်ငံ အားလုံးက သဘောတူညီမှုရရှိပြီး အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကို အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း (၂) ကြိမ် လာရောက် ဆွေးနွေး စေခဲ့ရတယ်။ တစ်ချို့အဖွဲ့အစည်းများဟာ SPDC အစိုးရအား နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုရန် စီစဉ်နေပါတယ်။
ယခု မိမိတို့ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အရေးကိစ္စဟာ ကမ္ဘာ့အရေးကိစ္စ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ။ ဒါကြောင့် SPDC ရဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးမှာ
- ရဟန်းသံဃာ၊ ပြည်သူလူထုတစ်ရပ်လုံး နိုးကြားနေကြပြီ
- နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး စုစည်းနေကြပြီ
- နိုင်ငံတကာအင်အားစုများကလည်း စာနာနားလည်ကြပြီး ပူးပေါင်းပါဝင်နေကြပြီ ဆိုတော့ ရှေ့တစ်လှမ်းလှမ်းကာ တိုက်ပွဲအရှိန်မြှင့်ကြဖို့ပါပဲ။
SPDC က ကမန်းကတန်းပြုလုပ်သော ပြည်သူ့ဆန္ဒခံယူပွဲအပေါ် သုံးသပ်ချက်
SPDC စစ်အုပ်စုဟာ စစ်အာဏာနဲ့ တရားဝင်အုပ်ချုပ်နိုင်ဖို့အတွက် 2008 ခုနှစ် ဖေဖော်ဝါရီလ 9 ရက်နေ့မှာ အမိန့်ကြေငြာစာအမှတ် 1/2008 နဲ့ ပြည်သူ့ဆန္ဒခံယူပွဲ၊ အမိန့်ကြေငြာစာအမှတ် 2/2008 နဲ့ 2010 ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမယ်။ 2008 ခုနှစ် ဖော်ဖော်ဝါရီလ 26 ရက်နေ့မှာ အမိန့်ကြေငြာစာအမှတ် 3/200 နဲ့ ပြည်သူ့ဆန္ဒခံယူပွဲကော်မီရှင်ဖွဲ့စည်းခြင်း၊ ပြည်သူ့ဆန္ဒခံယူပွဲ နည်းဥပဒေကို ထုတ်ပြန်ခဲ့တယ်။ ဒီအမိန့်ကြေငြာစာကို ကြည့်ခြင်းအားဖြင့် အောက်ပါအားနည်းချက်များကို တွေ့ရပါမယ်။
(၁) 1/2008 နှင့် 2/2008 ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း မပြီးခင်မှာ ကမန်းကတန်း ထုတ်ပြန်ရခြင်း။
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ဆန္ဒထောက်ခံ/ ကန့်ကွက် မသေချာသည့်တိုင်အောင် 2010 ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲလုပ်မည်ဟု ကြိုတင်ထုတ်ပြန်ထားခြင်း၊ ( ဒီအချက်ဟာ ရှူံးလည်းနိုင်အောင် လုပ်ရမည် ဆိုသည့် ရည်ရွယ်ချက် ရှိပြီးသား ဖြစ်တယ်။)
(၃) ပြည်သူအများဟာ ဒီဖွဲ့စည်းပုံအပေါ် အချိန်လုံလောက်စွာ စဉ်းစား၊ ဝေဖန်၊ အကြံပြု ထောက်ပြနိုင်ခွင့် မရှိခြင်း။
(၄) ပြည်သူအများ ပူးပေါင်းပါဝင်နိုင်မည့် အမိန့်ကြေငြာစာအမှတ် 5/96 ဥပဒေကို မရုပ်သိမ်းသေးခြင်း။
(၅) ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ဝင် (၅၄) ဦးတွင်၎င်း၊ ပြည်သူ့ဆန္ဒခံယူပွဲ ကော်မီရှင် (၄၅) ဦးတွင်၎င်း တိုင်းရင်းသားပြည်သူများ လေးစားထိုက်သော ပုဂ္ဂိုလ်များ ပါဝင်မှု မရှိခြင်း။
(၆) နိုင်ငံတကာ ပြည်သူ့ဆန္ဒခံယူပွဲများ၏ စံနှုန်းများနှင့် မကိုက်ညီခြင်း
စသည့် အချက်ကို ထောက်ကြည့်လျှင် ဒီပြည်သူ့ဆန္ဒခံယူပွဲဟာ SPDC စစ်အာဏာရှင်တို့ လုံးဝ (လုံးဝ) အနိုင်ရအောင် အပိုင်ချည်ပွဲဖြစ်တယ်။ ဒီပြည်သူ့ဆန္ဒခံယူပွဲဟာ SPDC စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသာ အတည်ဖြစ်ခဲ့မယ်ဆိုရင် -
- တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းများ ပိတ်သွားမယ်။
- NLD အပါအဝင် နိုင်ငံရေးပါတီအဖွဲ့အစည်းများ အလိုအလျောက် ပယ်ပြီးသား ဖြစ်အောင် လုပ်သွားမယ်။ (၁၉၉၀ ရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းခံရမယ်။)
- ငြိမ်းချမ်းရေးရယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ကြိုတင်ရည်မှန်းထားတဲ့ သုံးပွင့်ဆိုင် နိုင်ငံရေးအရ ဖြေရှင်းခြင်း အဓိပ္ပါယ်မဲ့သွားမယ်။ SPDC အလိုကျ စီစဉ်ပြီးသားအကွက်သို့ ဝင်သွားရတော့မယ်။
- နိုင်ငံတကာရဲ့ အသိမှတ်ပြုမှု အထိုက်အလျောက် ရရှိလာလိမ့်မယ်။ (တရုတ်၊ အန္ဒိယ၊ ထိုင်းနှင့် အခြားနိုင်ငံများ)
ဒါကြောင့် ဒီဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းသွားအောင်၊ ပျက်သွားအောင် ပါတီနိုင်ငံရေး အဖွဲ့အစည်းများ ရဲရဲရှေ့ဆောင်ကာ ပြုလုပ်သင့်ပါသည်။

0 Comments:

blogger templates | Make Money Online